[[Zawgyi/Unicode]]
စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ဒေသခံပြည်သူတွေအပြင် ရဟန်းသံဃာတော်တွေပါ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ပုဗ္ဗာရုံစာသင်တိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်းတွေက ရာနဲ့ချီတဲ့ ရဟန်း သံဃာတော်တွေ ဘေးလွတ်ရာကို ရွှေ့သွားကြတဲ့အတွက် တချို့ဘုန်းကြီးကျောင်းတွေမှာ သံဃာ သုံး-လေးပါးလောက်ပဲ ကျန်ပါတော့တယ်။ မြို့မှာကျန်နေတဲ့ သံဃာတွေမှာလည်း အခက်အခဲတွေရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ လွိုင်ကော်မြို့ပေါ်ကို စစ်တပ်က လေကြောင်းကပါ တိုက်ခိုက်တဲ့အတွက် မြို့ထဲနဲ့ မြို့နီးဝန်းကျင်ဒေသကပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်သွားနေကြပါတယ်။ အဲဒီလို ဘေးလွတ်ရာ တိမ်းရှောင်ခိုလှုံနေကြသူတွေထဲမှာ လွိုင်ကော်မြို့က သံဃာတော်တွေလည်း ပါပါတယ်။
လွိုင်ကော်မြို့ထဲက သံဃာတော် ၁၄၀ လောက်ရှိတဲ့ ပုဗ္ဗာရုံစာသင်တိုက်က သံဃာတွေ ဘေးလွတ်ရာ ထွက်သွားခဲ့ကြတဲ့အတွက် ကျောင်းမှာ သံဃာ ၈ ပါးပဲ ကျန်တော့တယ်လို့ ပုဗ္ဗာရုံစာသင်တိုက် ဆရာတော်က ဗွီအိုအေကို မိန့်ပါတယ်။
“ဦးဇင်းတို့ (သံဃာတော်အပါး) ၁၄၀ ကျော်၊ အခုက ၈ ပါးလောက်ပဲ ကျန်တယ်ပေါ့။ အခြေအနေကတော့ သိတဲ့အတိုင်းပဲ။ ဗုံးကြဲတာ ကြောက်တာပေါ့နော်။ ဗုံးကြဲတာကြောက်တယ်။ နောက်ပြီးတော့ ဟို တလုံး ဆူဆူညံညံ သေနတ်သံနဲ့ ဗုံးသံနဲ့ ကြားနေရတဲ့အခါကျတော့ အိပ်လည်း မရဘူးလေ။ မီးလည်း မပါဘူး။ မီးပျက်တယ်၊ ရေမလာဘူးပေ့ါ။ နေလို့မရတော့ဘူး။ အဲ့မျိုးပေါ့။ မလုံခြုံတော့ အကုန်လုံးထွက်ပြေးကုန်ရော။ လွိုင်ကော်မြို့ထဲမှာတော့ လူ ၂၀၀ ထက် ပိုမရှိတော့ဘူးထင်တယ် ဒီမှာက။”
လွိုင်ကော်မြို့က ကုန်းဆွတ်ဘုန်းကြီးကျောင်းမှာဆိုလည်း လွိုင်ကော်ဇာတိ သံယာတွေပဲ ဘုန်းကြီးကျောင်းမှာကျန်တယ်လို့ ကုန်းဆွတ်ဘုန်းကြီးကျောင်းက သံဃာတပါးက မိန့်ပါတယ်။
“ကျောင်းမှာက အပါး ၂၀ လောက်ကျန်သေးတယ်။ တချို့ကတော့ ကျန်သေးတယ်။ ရွှေတောင်ကျောင်းက ၁၀ ပါး ကျော်ကျော်လောက် ကျန်သေးတယ်လို့ ပြောတယ်။ တခြားကျောင်းကလည်း သံဃာနည်းတဲ့ ကျောင်းကျတော့ ၃ ၊ ၄ ပါး လောက်တော့ ကျန်သေးတယ်။ အခြေအနေ ဒီထက်မက ဆိုးလာမှာကိုပဲ ကြောက်နေလို့ ရှောင်နေတာပါ။”
လွိုင်ကော်မြို့ပေါ်မှာ ခန့်မှန်းခြေ ဘုန်းကြီးကျောင်း ၅၀ လောက်ရှိပြီး တိုက်ပွဲဖြစ်တဲ့ နေရာနဲ့နီးတဲ့နေရာတွေက ဘုန်းကြီးကျောင်းတွေက သံဃာအများစု ဘေးလွတ်ရာ တိမ်းရှောင် သွားကြတယ်လို့ လွိုင်ကော်မြို့နယ် သာသနာရေးရုံး ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။
“လွိုင်ကော်မှာကျတော့ စာသင်တိုက်ကြီးက ၂ တိုက်ရှိတာပေါ့နော်။ သံဃာအပါး ၁၀၀ ကျော် စာသင်တိုက် ၂ တိုက်ရှိတယ်။ ရွှေတောင်နဲ့ ပုဗ္ဗာရုံပေါ့နော်။ တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနား မလွတ်နိုင်ဘူးဆိုတဲ့ ကျောင်းတွေပဲ ရှောင်တယ်။ ဥပမာမိုင်းလုံနဲ့တဲ့ ပုဗ္ဗာရုံကျောင်းဆိုလည်း သူလည်း ရှောင်သွားတယ်။ နောက်ပြီးတော့ ဒေါဥခူမှာဖြစ်တဲ့အခါကျတော့ ဒေါဥခူကျောင်းကလည်း ဘေးလွတ်တဲ့နေရာကို ရှောင်သွားတာပေါ့နော်။”
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့ခံတွေ ၂၀၂၂ ဇန်နဝါရီ ပထမသီတင်းပတ်ကတည်းက ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးခဲ့ကြတဲ့အတွက် အခုဆိုရင် မြို့ထဲမှာ လူမရှိသလောက်ဖြစ်သွားပြီလို့ ပုဗ္ဗာရုံစာသင်တိုက် ဆရာတော်က မိန့်ကြားပါတယ်။ မြို့မှာလည်း ရေ၊ မီးဖြတ်တောက်ခံထားရလို့ ကျန်ရှိနေတဲ့ သံဃာတွေ အခက်အခဲဖြစ်လာမယ်လို့ ဆရာတော်က အခုလိုမိန့်ပါတယ်။ “အခက်အခဲကတော့ များစွာရှိမှာပဲ။ ဘာဖြစ်လဲဆိုတော့ ရေမရှိ၊ မီးမရှိဘူးဆိုတော့ နောက်ဈေးဝယ်ချင်လည်း ဈေးကလည်း မရှိ၊ ဝယ်ချင်တဲ့ပစ္စည်းလည်း တယောက်မှမရှိတော့ဘူးလေ။ အကုန်လုံး ပိတ်ပြီးတော့ သွားကြတာပေါ့။ နောက် ရက်နည်းနည်းရှည်လာတော့ ဦးဇင်းတို့က အခက်အခဲကတော့ တော်တော်ရှိလာမယ်။”
လွိုင်ကော်မြို့မှာ ကျန်ရှိနေတဲ့ သံဃာတော်တွေအနေနဲ့ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရမှာဖြစ်လို့ အခက်အခဲရှိသလို စားသောက်ကုန်တွေ ဝယ်မယ်ဆိုရင်တောင် ဝယ်လို့ မရတော့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။
လွိုင်ကော်မြို့မှာ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။
“လွိုင်ကော်ဘက်ကတော့ မနေ့ကတော့ ဒေါင်ငံခါးဘက်မှာတော့ ထိတွေ့မှုရှိတယ်။ဒေါင်ငံခါးကျေးရွာရဲ့အရှေ့ဘက်လောက်မှာ လေးနေရာကနေပြီး KNPP နဲ့ အဲဒီအဖွဲ့တွေ ....KNPP နဲ့ PDF အကြမ်းဖက်အဖွဲ့တွေ ၄ နေရာလောက်ကနေ ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ပြီးတော့ လွိုင်ကော်အကျဉ်းထောင်ကို နေ့လည် ၁၂ နာရီလောက်တကြိမ်၊ ညနေ ၃ နာရီလောက်မှာတကြိမ်လာပြီးတော့ ၃ နေရာကနေ ပစ်ခတ်တာရှိတယ်။ လွိုင်ကော်အကျဉ်းထောင်ထဲက အဆောက်အအုံတချို့တော့ အနည်းငယ်ပျက်စီးသွားတာရှိတယ်။ အဲဒီဖြစ်စဉ်တခုရှိပါတယ်။”
လွိုင်ကော်မြို့ပေါ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ လုပ်လာတာဖြစ်ပါတယ်။ လွိုင်ကော်မြို့ခံအများအပြားဟာ အိုးအိမ်စွန့်ထွက်ပြေးပြီး တောင်ကြီးမြို့၊ ဆီဆိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ခိုလှုံနေကြရပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============