ဗြိတိန်ပါလီမန်အနီး တိုက်ခိုက်မှုဖြစ်ပွား

ဗြိတိန်လွှတ်တော် အဆောက်အဦး အပြင်ဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့အတူ လန်ဒန်မြို့ ပါလီမန်အဆောက်အဦးကို လုံခြုံရေးအတွက် ပိတ်ဆို့တားဆီး ထားလိုက်ပါတယ်။ Westminster တံတားပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လူ၂ ယောက်ရဲ့ ဓာတ်ပုံတွေကိုတော့ Reuters သတင်းဌာနနဲ့ မျက်မြင်တွေ့သူတွေ က ဖော်ပြခဲ့ကြပါတယ်။

လန်ဒန် ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုအဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်းနဲ့ စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။

အောက်လွှတ်တော် အကြီးအကဲ David Lidington ကတော့ တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းနဲ့ ပါလီမန်ဝန်းအတွင်း တခြားအကြမ်းဖက်လုပ်ရပ်တွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တယောက် ဓားနဲ့အထိုးခံခဲ့ရတယ် လို့လည်း ပြောဆိုခဲ့တာပါ။

AP သတင်းကတော့ Westminster တံတားပေါ်မှာ လူတော်တော်များများ ကားတိုက်ခံခဲ့ရကြောင်းလည်း မျက်မြင်တွေ့သူတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။