ရေဘေးသင့် Louisiana အိုဘားမား သွားရောက်အားပေး

အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အဆိုးဆုံး ရေကြီးမှုဒဏ်ခံထားရတဲ့ အရှေ့တောင်ပိုင်းက Louisiana ကို သမ္မတ Barack Obama ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ Louisiana ပြည်နယ်ရဲ့ တောင်ပိုင်းတခုလုံးနီးပါး ရေဘေးဒဏ်ကြောင့် ဆုံးရှုံးပျက်စီးမှုတွေကို ခံထားရပါတယ်။ သူ့အစိုးရအနေနဲ့ ရေဘေးဒဏ် ပြန်လည်ထူထောင်ရေးကို ပထမဦးစားပေး ဆောင်ရွက်နေတယ်လို့ ရေဘေးဒုက္ခသည်တွေကို သမ္မတက ပြောကြားခဲ့ပါတယ်။

Louisiana ပြည်သူတွေအနေနဲ့ ဒီဒုက္ခတွေကို သူတို့ဘာသာပဲ ကျော်လွှားသွားရမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်လို့ သမ္မတက ပြောကြားခဲ့တာပါ။ တီဗွီကင်မရာတွေနဲ့ လာရောက်သတင်းယူသူတွေ မရှိတော့ဘူးဆိုရင်တောင် သူတို့ရဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ တနိုင်ငံလုံးက ကူညီအားပေးသွားမှာ ဖြစ်တယ်လို့ ရေဘေးဒဏ်ခံထားရတဲ့ အရှေ့ Baton Rouge ရပ်ကွက်ကို သွားရောက်ကြည့်ခဲ့တဲ့ သမ္မတက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် ရေဘေးဒဏ်ခံထားရတဲ့ Louisiana ပြည်နယ်ရဲ့ ရပ်ကွက်ပေါင်း ၆၄ ခုထဲက ၂၀ ကို အရေးပေါ်အခြေအနေအဖြစ် သမ္မတအိုဘားမား ကြေညာထားပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ငွေကြေးထောက်ပံ့မှု အကူအညီအတွက် လျှောက်ထားသူ ၁ သိန်း ၁ သောင်းခွဲကျော်ရှိပြီး ထောက်ပံ့ငွေ လောလောဆယ် ဒေါ်လာ ၁၂၇ သန်း ပေးဖို့ရှိတယ်လို့ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ FEMA က ပြောပါတယ်။ အိမ်ထောင်စု ၇၀၀ ကျော်ကို တည်းခိုခန်းတွေလို ယာယီနေထိုင်စရာ နေရာတွေမှာ စီစဉ်ပေးထားရပါတယ်။

Your browser doesn’t support HTML5

ရေဘေးသင့် Louisiana ကို အိုဘားမား သွားရောက်အားပေး