မဂ္ဂင်ကျောင်းအမှု မဟန ဓမ္မစက်နဲ့ ကိုင်တွယ်မည်

A Palestinian fisherman casts his net at a beach in Gaza City. Israel permits Gaza fishermen to head out to sea from 3 miles to 6 miles, restoring a limit it cut in half two months ago in response to rocket fire from the Palestinian enclave.

မကြာသေးခင်က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာကြတဲ့ သံဃာတော်တွေကနေ ရန်ကုန်မှာ ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ဖွင့်ခဲ့တာကြောင့်လို့ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကနေ အရေးယူဖို့ ပြင်ဆင်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိမှာ မြန်မာနိုင်ငံဝှမ်း အကျဉ်းထောင်တွေက ပြန်လွတ်လာကြတဲ့ သံဃာတော်တွေကို အရေးယူမယ့်ကိစ္စ ဘယ်လို ပြီးဆုံးသွားသလဲ ဆိုတာကိုတော့ မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာတွေအနေနဲ့ သူတို့ရဲ့ကျောင်းတွေကို ပြန်ဖွင့်ပြီး ဝင်တဲ့ကိစ္စဟာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီး တရားစွဲဆိုဖို့ လုပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရွှေတောင်ကျောင်းတိုက်က ဆရာတော် ဦးပဏ္ဍဝံသ က အခုလို မိန့်ပါတယ်။

“ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဥပဇ္ဇင်းတို့တွေကို သူတို့ကချိတ်ပိတ်ထားတဲ့ သော့တွေကို မိမိသဘောနဲ့ မိမိ ပြန်ဖွင့်တယ်ဆိုပြီးတော့ ကိုဓ (Code) ဥပဒေအရ ပိတ်ထားတာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရက တရားစွဲထားတာပေါ့။ ပြည်ထောင်စု အစိုးရဆိုတာက တိုင်းဒေသကြီးအစိုးရက။ အဲဒါကို သံဃာ့နာယက ဆရာတော်ကြီးများကို သူတို့က လျှောက်ထားတင်ပြတယ်။ အရေးယူပေးဖို့ပေါ့နော်။ အဲဒါနဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေက ဒီကိစ္စကို ငါတို့ ကိုင်တွယ် ဖြေရှင်းပေးမယ် ဆိုပြီးတော့ပေါ့။ အရင်တုန်းက ဒီဟာတွေက ရှိတယ်လေ။ အခုမှပြန်ပေါ်တယ်လို့ ပြောရမှာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က တိမ်မြှုပ်နေတဲ့ဟာပေါ့။ အဲဒါက ဘာလဲဆိုတော့ ဓမ္မစက်က ရှေ့ကသွား၊ အာဏာစက်က နောက်က သွားရမယ်ဆိုတဲ့ဟာလေ။ အဲဒါနဲ့ ဓမ္မစက်အရ ဥပဇ္ဇင်းတို့ကို ခေါ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်တာပေါ့။ အဲဒီတော့ ဝိနည်း စည်းကမ်းတွေအရ နေထိုင်ဖို့နဲ့ အခု ဒီကျောင်းတွေ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒါ ရာဇဝတ်မှုတွေ ဖြစ်နေတယ်ပေါ့။ ဒါပေမဲ့ ဒီဟာတွေကို အရေးယူပေးဖို့အတွက် သံဃာ့နာယကအဖွဲ့ကနေ ဒီဥစ္စာကို လွှဲပြောင်းပြီးတော့ ယူလိုက်တယ်။”

မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးလှုပ်ရှားသူ သံဃာတွေကို အစိုးရက ပြန်လည်ဖမ်းဆီးဖို့ လုပ်ဆောင်တာဟာ မသင့်တော်တဲ့အကြောင်း မဟန က ကြားဝင်ပြီး သံဃာ့ကိစ္စကို သံဃာတွေဖြေရှင်းမယ် ဆိုပြီး လုပ်ဆောင်ခဲ့တာလို့လည်း ဆရာတော်က မိန့်ပါတယ်။

“အစိုးရက ဒီကိုယ်တော်တွေကို ကိုဓ (Code) ဥပဒေအရ အရေးယူမယ် ဆိုပြီးတော့ သူတို့ကို လျှောက်ထားတာ။ ထောင်ထဲကို ပြန်ထည့်ဖို့ လုံး၀ အသင့်ရှိတယ်။ အဲဒါကို ဆရာတော်ကြီးတွေက ဘယ်ကောင်းမလဲတဲ့၊ အခုလွှတ် အခုထည့်ဖို့ မကောင်းဘူးတဲ့။ ကမ္ဘာမှာလည်း ရှက်စရာကောင်းတယ်။ သိက္ခာကျတယ်ဆိုပြီးတော့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က မိန့်တာကြားတယ်။ မဟန တွေက မင်းတို့ ဒီလိုလုပ်ရမှာမဟုတ်ဘူး။ ငါတို့က အရင်လုပ်ရမှာ၊ ငါတို့က အရင် စစ်ရမှာ မေးရမှာ။ ငါတို့ မေးလို့ပြုလို့မှ မလိုက်နာဘူးဆိုရင် အဲဒီအခါကျမှ မင်းတို့က အရေးယူမယ့် ကိစ္စတွေလုပ်၊ တရားစွဲမယ့်ကိစ္စတွေ လုပ်ဆိုပြီးတော့ ဥက္ကဋ္ဌဆရာတော်က အဲဒီလို အမိန့်ရှိလိုက်တာ။ အဲဒါနဲ့ သူတို့ နောက်ဆုတ်သွားတာပေါ့နော်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေ ဝင်မပါဖို့နဲ့ သာသနာရေး ဝန်ထမ်းတွေကို အသုံးပြုပြီး ကျောင်းတိုက် တွေက တံခါးတွေကို ပြန်လည် ဖွင့်ပေးဖို့အတွက် သုံးရက်အတွင်း လုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံတော် သံဃာ့နာယက နဲ့တွေ့ရတဲ့အခါကျတော့ နိုင်ငံတော် သံဃာ့မဟာနာယက ကနေပြီးတော့ ခရိုင်နဲ့ သာသနာရေးမှူးတွေကို တာဝန်ပေးပါတယ်။ အဲဒီတာဝန်က ဘာလဲဆိုတော့ ဥပဇ္ဇင်းတို့ ညွှန်ကြားလွှာ ၁၅ ရပ်အရ ပြန်လည် ဝတ်ခွင့် လျှောက်ထားရပါတယ်။ ပြန်လည် ဝတ်ခွင့် လျှောက်ထားခြင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ လျှောက်လွှာကို တင်ခဲ့ပါတယ်။ တင်ခဲ့တဲ့အခါကျတော့ အဲဒီဟာကို သုံးရက်အတွင်းကို ပြန်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်မယ်။ အဲဒါ ပြီးလို့ရှိရင်တော့ လောလောဆယ် အခုဖွင့်ထားတဲ့ ကျောင်းကနေ ခဏ ဆင်းပေးရမယ်။ ပြီးရင် ဝတ်ဖို့လျှောက်လွှာတင်ပြီးလို့ ဝတ်ပြီးတဲ့နေ့ ၃ ရက်မြောက် နေ့မှာ သူတို့က သူတို့ကျောင်းတွေကို ဖွင့်ပွဲလေးတွေ လုပ်မယ်။”

ဒီကနေ့ မဟန ကခေါ်တဲ့ အစည်းအဝေးကို ဦးပဏ္ဍဝံသ နဲ့ ဦးပညာသီဟ တို့ တက်ရောက်ခဲ့ပြီး တခြားသံဃာတွေကတော့ ခရီးလွန်နေကြလို့ မတက်ရောက်နိုင်ဘူးလို့ ဆိုပါတယ်။ အခုတလောမှာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ သံဃာတွေကို အာဏာပိုင်တွေက ပိုပြီး ဖိအားပေးမှုတွေ လုပ်လာခဲ့တာပါ။

ရွှေညဝါ ဆရာတော်ဆိုရင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောလို့ ဆိုပြီး ကျောင်းတိုက် ကနေ တစ်လအတွင်း ဖယ်ရှားပေးဖို့အတွက် ဖိအားပေးခံနေရပါတယ်။ သံဃာတော်တွေဟာ ထောင်ကလွတ်တာနဲ့ နေထိုင်စရာကျောင်း မရှိဘဲ ဒုက္ခရောက်နေကြသူတွေ အများကြီးပဲလို့ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတော်တွေက ဆိုပါတယ်။

မြန်မာအစိုးရဟာ တဘက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမဲ့ တခြားတဘက်မှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သံဃာတွေကို တစ်လအတွင်းမှာ ဖိနှိပ်ဖို့ ကြိုးစားမှုတွေဟာ သိသိသာသာ လုပ်လာတယ် လို့လည်း အကျဉ်းထောင်တွေကနေ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတော်တွေက ပြောပါတယ်။