မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒီနေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြစ်ခြေမြို့အနီးက ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပခုက္ကူဒေသဘက် တိုက်ပွဲအခြေအနေ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ကို ဒီဇင်ဘာ ၃၀ ရက်က ပခုက္ကူမြို့က ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းတွေရောက်လာပြီး စစ်ကြောင်းထိုးချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မြစ်ခြေမြို့မှာရှိတဲ့ မြင်းမွေးမြူရေး တပ်စခန်းကို ရိက္ခာပို့ဆောင်မှာဖြစ်ပြီး မြစ်ခြေမြို့ထဲရောက်ချိန် စစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ မြစ်ခြေမြို့ မြို့မ ရပ်ကွက်မှာရှိတဲ့ နေအိမ်ပေါ် ကျရောက်ပြီး အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ မြစ်ခြေမြို့အခြေအနေနဲ့ ပတ်သက်ပြီး ဒေါင်းယဉ်သွေး ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အခုလို ပြောပါတယ်။
" အင်အား ၃၅၀-၄၀၀ လောက်နဲ့ ဘီဘီအိုင် ( မြင်းမွေးမြူရေးတပ်) ကို ရိက္ခာပို့မှာနော်။ မနေ့က ထွက်လာတဲ့မြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်သွားသေးတယ်။ (တိုက်ပွဲက) မနေ့ ညနေစောင်းလောက်က ဖြစ်သွားတာ။ ဒေသခံတွေ သေဆုံးတာရှိတယ်။ မနေ့က လက်နက်ကြီးမှန်တာ ၄ ယောက် သေဆုံးတယ် နော်။ ဆေးခန်းရောက်မှ သေဆုံးတာမြို့မ(ရပ်ကွက်) က လက်နက်ကြီးက ပြည်သူမိသားစုနေအိမ်ကို ကျပြီးတော့ အဲ့မှာ ဖြစ်သွားတာ။"
စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာအပြင် တိုက်ပွဲတွေဖြစ်နေတာကြောင့် မြစ်ခြေမြို့ပေါ်က ဒေသခံတွေ အပြင် မြို့အနီးကျေးရွာက ဒေသခံ ၄ ထောင်ကျော်ဟာ ဘေးလွတ်ရာ နေရာတွေဆီ တိမ်းရှောင်နေရပါတယ်။ ထောင်ချီတဲ့ စစ်ရှောင်တွေအတွက် လူဦးရေ များပြားတာကြောင့် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။
"မြစ်ခြေ၊ အင်းဝိုင်း၊ ဗိုလ်ကုန်း၊ အင်းဝိုင်း၊ ဆွဲကြီး၊ ရွာသာအေး၊ ကြက်ရှာ၊ ခပ်ပင် အကုန်လုံး ဒီနားက ရွာတွေမှန်သမျှ ထွက်ပြေးရတာဆိုတော့ လေး-ငါးထောင်လောက်တော့ရှိမှာ။ လူဦးရေက မြစ်ခြေမြို့ တမြို့နယ်လုံးပြေးရတာ။ အကူအညီကတော့ လောလောဆယ် ဆန်ဆီပေါ့ဗျာ။ ဆန်ဆီ ချက်စရာ လေးတွေ အဲ့ဒါတွေကို ကျနော်တို့ မရှိရှိတာ ရှာကြံပြီး အကြွေးဝယ်လုပ်နေရတယ်။ နောက်မှ နောက်ပြဿနာရှင်းမယ်ဆိုပြီးတော့ "
မြစ်ခြေမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းတွေဖြစ်ပြီး မြစ်ခြေမြို့ မြင်းမွေးမြူရေး တပ်မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ မြို့တောင်ဘက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ နေရာတွေကို ရိက္ခာပို့ဖို့ စစ်ကြောင်းထိုးတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေဆက်ရှိလာနိုင်လို့ မြို့ကို မပြန်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြစ်ခြေမြို့ အမှတ် (၅) ရပ်ကွက်မှာရှိတဲ့ မြင်းမွေးမြူရေးတပ်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းသုံး ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့သလို သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ မကွေးတိုင်းအတွင်းက တိုက်ပွဲတွေ စစ်ရှောင်ပြည်သူတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အဲ့ဒီ့ဒေသတွေဘက်မှာ ကာကွယ်ရေးတပ်တွေ အခြေစိုက်တဲ့အတွက် နယ်မြေရှင်းလင်းရတာသာဖြစ်ကြောင်း သတင်းထုတ်ပြန်လေ့ ရှိပါတယ်။
Your browser doesn’t support HTML5