မကွေးတိုင်းအတွင်း စစ်ပြေးဒုက္ခသည်တွေ တိုးလာ

ချင်းပြည်နယ်နဲ့ မကွေးတိုင်းကျောက်ထုမြို့တို့ဆက်စပ်မှုပြမြေပုံ။ (Photo MIMU)

[[Zawgyi/Unicode]]

မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ CDF နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့နယ်ခွဲကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တွေမှာလည်း အကူအညီတွေ လိုအပ်နေပါတယ်လို့ ဒေသခံတွေပြောပါတယ်။ မကွေးတိုင်းအတွင်း စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကစလို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းနေပြီး စစ်ကြောင်းတွေ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အခုလို တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေတဲ့အတွက် မင်းတပ်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့နယ်ခွဲက စစ်ဘေးရှောင်စခန်းကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ ကျောက်ထု ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“သူတို့က အခု ၁၇ ရက်နေ့ကတည်းက တောင်ပေါ်ဒေသနယ်တွေကို ထိုးစစ်ပြန်ဆင်နေတော့လေ နယ်က စစ်ဘေးရှောင်တွေက ကျောက်ထုဒေသကို ဆင်းပြေးလာကြတာ။ ကျောက်ထုက မင်းတပ်နယ်နဲ့ အနီးဆုံးဖြစ်နေတာပေါ့လေ။ လောလောဆယ် ကျောက်ထုမြို့က နည်းနည်းလေး လုံခြုံတယ်ပြောရမလားပေါ့လေ ထိုးစစ်မရှိသေးဘူးပေါ့။ ဒီမှာပဲ အကုန်လာစုကြတဲ့ သဘောပေါ့။ ဒီမှတော့ လက်ရှိက လောလောဆယ် ၃ ထောင် ဝန်းကျင်ရှိတယ်။ ၃ ထောင်ဝန်းကျင်ရှိနေတာကို နောက်ထပ် ဆက်ပြီး ဘယ်လောက်ထိတိုးလာမလဲပေါ့လေ။ တိုးလာတဲ့အပေါ်မှာ အရေအတွက်ကို အတိအကျတော့ ပြောလို့မရသေးဘူးခင်ဗျ။ လောလောဆယ်ကတော့ နေရာထိုင်ခင်းပေါ့- ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို နေထိုင်ဖို့ နေရာထိုင်ခင်းတွေ အခက်အခဲဖြစ်နေတယ်။ စောင်နဲ့အနွေးထည်ပေါ့လေ ဆောင်းရာသီအရမ်းအေး နေတဲ့ အချိန်ဆိုတော့လေ စောင်နဲ့အနွေးထည်ပေါ့လေ ဆန်ဆီဆားပေါ့။ ဒီ ၃ မျိုးက လတ်တလော အရေးတကြီး လိုအပ်နေတာပေါ့။”

ရောက်လာတဲ့ စစ်ဘေးဘေးဒုက္ခသည်တွေဟာ ကျောက်ထုမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသလို နေရာထိုင်ခင်းမလောက်တဲ့အတွက် တချို့မှာလည်း မြို့ပေါ်က နေအိမ်တွေမှာ စုပေါင်းငှားရမ်းပြီးနေထိုင်နေရ တာတွေရှိနေပါတယ်။ ကျောက်ထုမြို့ပေါ်မှာ စစ်ကောင်စီက ဖွင့်လှစ်ပေးထားတဲ့ စစ်ဘေးရှောင် စခန်းတွေရှိပေမယ့် လာရောက်ခိုလှုံသူ အနည်းငယ်သာ ရှိပါတယ်။

တဆက်တည်းမှာပဲ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ကျုံးရွာသားတွေဟာလည်း ရွာထဲ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက် တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့ ပေါက်ဒေသခံတဦးကပြောပါတယ်။

“ရွာကိုမပြန်ရဲတာ။ အခုဆို ဝန်ကျုံးဆိုရင် အဓိကပေါ့နော်။ ကင်းမဆိုရင် မီးလောင်လို့ နေစရာမရှိလို့သာ တောထဲမှာ စစ်ရှောင်တဲလေးတွေဖွင့်ပြီး နေနေရတယ်။ ဝန်ကျုံးဆိုရင် မီးမလောင်ဘူး။ ဒါပေမယ့် ရွာမှာ ပျူစောထီးက အထိုင်ချထားတာပေါ့။ ပျူစောထီးရယ်၊ ရဲရယ် စစ်သားရယ်၊ အဲ့လိုအထိုင်ချထားတော့ ရွာမပြန်ရဲဘူး။ တောတွေထဲမှာ နေတယ်။ တချို့ ကျတော့ ဘေးလွတ်ရာ အမျိုးတွေရှိတဲ့နေရာနေတယ်။ တချို့က တောထဲမှာ စစ်ရှောင်တဲလေးတွေ ဆောက်ပြီးတော့နေတယ်။”

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းဟာ စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေ လုပ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပါတယ်။ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း

ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၁၀၀ ကျော်မီး လောင်ကျွမ်းခဲ့ပြီး ရွာသား ၂ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတချို့မီးလောင်မှုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ဆိုပြီး အပြန်အလှန်စွပ်စွဲမှုတွေလည်းရှိနေပါတယ်။

Your browser doesn’t support HTML5

မကွေးတိုင်းအတွင်း စစ်ပြေးဒုက္ခသည်တွေ တိုးလာ

==================

[[Unicode]]












#MyanmarViolence #MyanmarIDPs #VOABurmese


==================