မဘသထုတ်ပြန်ချက် သံဃမဟာနာယကအဖွဲ့ ကန့်ကွက်

ရန်ကုန် ကမ္ဘာအေးကုန်းမြေမှာ ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးကျင်းပစဉ် (မေလ ၁၂ ၂၀၁၄ခုနှစ်)

မဘသအဖွဲ့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက မည်သည့်အခါမှ အသိအ မှတ် ပြုခဲ့ခြင်းမရှိကြောင်း သံဃမဟာနာယကအဖွဲ့ ဦးဆောင် ဆရာတော်ကြီးတွေ က ပထမဆုံးအကြိမ် မနေ့ အင်္ဂါနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါ့အပြင် မဘသဟာ ၂၀၁၃ ခုနှစ် ဂိုဏ်းပေါင်းစုံ သံဃာ့ ညီလာခံကြီး ကနေ ပေါက်ဖွားလာတယ်ဆိုတဲ့ အချက်ဟာ မှားယွင်းကြောင်း အဲဒီကြေညာချက် မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကိုလည်း ပြည်ပရောက် သံဃာတော်တွေက ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သံဃမဟာနာယက ဥက္ကဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အပါအဝင် ဦးဆောင်ဆရာတော်ကြီး ၅ ပါး ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဇူလိုင်လ (၁၂)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မဘသအဖွဲ့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ မသဘအဖွဲ့ကို မည်သည့်အခါမှ အသိအမှတ် ပြုခဲ့ခြင်း မရှိကြောင်း ဖော်ပြထား တဲ့ နိုင်ငံတော် သံဃမဟာနယကရဲ့ ကြေညာချက်ကို နိုင်ငံပိုင် ရုပ်သံသတင်းဌာနမှာ မနေ့က အခုလို တင်ပြခဲ့ပါတယ်။

“အပိုဒ် - ၃ မဘသအဖွဲ့၏ သဘောထားထုတ်ပြန်ချက် အပိုဒ်-၂ က တွင် ဖော်ပြထားသည့်အတိုင်း အဆိုပါ မဘသအဖွဲ့သည် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာခြင်း လုံး၀ လုံး၀ မဟုတ်ပါ။ ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးမှစ၍ ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် ပဌ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးအထိ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီး ၅ ကြိမ် ကျင်းပပြီးဖြစ်သော်လည်း မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည် ပေါက်ဖွားစေခြင်း မရှိခဲ့သည့်အပြင် မဘသဟူသော အသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ။”

ဒါ့အပြင် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်တဲ့ မဘသအဖွဲ့ရဲ့ ကြေညာချက်ပါ အချက်အလက်တွေဟာ မှားယွင်းနေပြီး နိုင်ငံတွင်း ပြည်သူအများကို ယုံမှားသံသယ ဖြစ်စေနိုင်တာကြောင့် အခုလို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေနဲ့ အများပြည်သူသိအောင် ကြေညာချက် ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ပြည်ပအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်ရဲ့ သဘောထားကို ကနေဒါဆိုင်ရာ ဥက္ကဌ ဦးကောဝိဒက အခုလို ဗွီအိုအေကို မိန့်ကြားပါတယ်။

“သံဃာ့စည်းမျဉ်း လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ ရှင်းလင်းပြီးတော့ ထုတ်ပြန်သွားတာပေါ့။ ကြိုဆိုပါတယ်။ ကြိုဆိုတယ်ဆိုတာကတော့ ဘုန်းဘုန်းတို့ ဒီလို အငြင်းပွားနေတဲ့အချိန်မှာ အခုလို အေးအေးဆေးဆေး ပြီးသွားလို့ရှိရင် ကြိုဆိုရမှာပေါ့။ မဘသအဖွဲ့ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိအမှတ်ပြုခြင်း မရှိခဲ့တာ အမှန်ပဲလို့ ဘုန်းဘုန်းတို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ ကြေညာချက်ထုတ်ပြီးတော့ အသိအမှတ်ပြုခဲ့တာလည်း မရှိဘူးလေ။ အဲ့လိုဆိုတော့ ဒီဟာက မဘသအဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကြေညာချက်ထုတ်သလိုပဲ သူတို့ တရားမဝင် အဖွဲ့လိုပဲ ဘုန်းဘုန်းတို့ ထင်ပါတယ်။”

မဘသဟာ သံဃနာယကလက်စွဲပါ သံဃအဖွဲ့အစည်း စည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့အဖွဲ့အစည်း မဟုတ်ကြောင်း သံဃမဟာနာကအဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့လည်း အမေရိကန် ပြည်ထောင်စုမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော် အရှင်ဇဝနက အခုလို မိန့်ကြားပါတယ်။

“သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေရဲ့ ကြေညာချက်ထဲမှာ လုံး၀ လုံး၀ ဆိုပြီး ၂ ခါ ထပ်ထပ် ပြောတဲ့ဟာ ၃၊ ၄ ခုလောက်တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ခါးခါးသီးသီးကို ဆန့်ကျင်သလို၊ ငြင်းသလိုကြီး ဖြစ်သွားတာပေါ့နော်။ မဘသ ပြောနေတဲ့ဥစ္စာက တခုမှ မမှန်ဘူးလေ။ သံဃနာယကဆရာတော်တွေရဲ့ ကြေညာချက်က ပြောင်းပြန်ကြီးလို ဖြစ်သွားတဲ့အတွက် လူထုက အားကိုးတကြီးနဲ့ သူတို့ ဘာလုပ်လုပ် မှန်တယ်ဆိုတဲ့အမြင်၊ မဘသ ဆရာတော်ကြီးတွေ လုပ်တဲ့ဟာ တစက်မှ မမှားနိုင်ဘူးလို့ ယူဆတဲ့သူတွေထဲမှာကိုယ်တိုင်တောင် ဘယ်လိုဖြစ်သွားလဲဆိုရင် ငါတို့ မှန်တယ်လို့ လက်ခံထားတဲ့ဟာကို ဒီဘက်ကလည်း ဆရာတော်တွေ (သံဃမဟာနာယက) ပြောတာကိုး။ ဟိုဘက်ကလည်း ဆရာတော်တွေ (မဘသ) ပြောတာ။ ဒါပေမဲ့ ဒီဘက်က (သံဃမဟာနာယက) ဆရာတော်တွေက တရားဝင် ဆရာတော်တွေ။ တရားဝင် လုပ်ပိုင်ခွင့်ရှိတဲ့ ဆရာတော်တွေ။ ဒီလုပ်ပိုင်ခွင့်ရှိတဲ့ ဆရာတော်တွေက (မဘသ) ပြောတဲ့ စည်းကမ်းနည်းလမ်းဆိုတာလည်း မဟုတ်ဘူး၊ မှားနေတယ်ဆိုတာတောင်မှ ခါးခါးသီးသီး ငြင်းပယ်ခြင်းခံရတဲ့အခါကျတော့ ငါတို့ အလိမ်ခံရပြီလားဆိုတဲ့အသိကတော့ ကျိန်းသေကို သာမန်လူတွေထဲမှာ ဝင်သွားလိမ့်မယ်လို့ ဦးဇင်းထင်တယ်။”

မဘသကို စတင်ဖွဲ့စည်းချိန်မှာ အရင်က သံဃမဟာနာယကအဖွဲ့မှာ တာဝန်ယူခဲ့ဖူးတဲ့ ဆရာတော်ကြီးတချို့ ပါဝင်ခဲ့တာပါ။

ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်တဲ့ မဘသရဲ့ ကြေညာချက်မှာတော့ သူတို့အဖွဲ့ရှိဖို့ မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ဟာ မဘသအဖွဲ့အစည်းအပေါ် မလိုမုန်းထား ရန်ငြိုးပွားတာဖြစ်ပြီး၊ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့က တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မဘသထုတ်ပြန်ချက် သံဃမဟာနာယကအဖွဲ့ ကန့်ကွက်