မလေးရှားနိုင်ငံမှာ မေလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့လုပ်မယ့် အထွေထွေရွေးကောက်ပွဲတွေမှာ တချိန်က ရန်ဘက်တွေဖြစ်ကြတဲ့ ဝန်ကြီး ချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်နဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim တို့ ဦးဆောင်တဲ့ပါတီတွေအပါအဝင် အတိုက်အခံပါတီတွေပေါင်းပြီး ညွန့်ပေါင်းပါတီတရပ်အဖြစ် ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။
အန်န်ဝါ အီဘရာဟင်မ်ဟာ လိင်တူဆက်ဆံတယ်ဆိုတဲ့စွဲချက်နဲ့ ၂၀၁၅ ခုနှစ်ကတည်းက အကျဉ်းကျနေတာဖြစ်ပြီး ဒီ ရွေးကောက်ပွဲမှာ မဲပေးခွင့်တောင် ရမှာမဟုတ်ပေမဲ့လည်း မဟာသီယာနဲ့ပေါင်းဖို့ကိစ္စမှာ အဓိကဆုံးဖြတ်ခဲ့သူပါ။ သူ့အပေါ်စွဲချက် ဟာ နိုင်ငံရေးပယောဂပါပြီး မဟုတ်မှန်တဲ့စွဲချက်ဖြစ်တယ်လို့ အန်န်ဝါကိုယ်တိုင်ကရော၊ သူ့ကိုထောက်ခံသူတွေကပါ ပြောလာတာပါ။
အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားမှုဆိုင်ရာ အရှုပ်တော်ပုံတွေနဲ့ အကျပ်အတည်းဆိုက်နေတဲ့ လက်ရှိဝန်ကြီးချုပ် Najib Razak ဟာ တချိန်က မဟာသီယာရဲ့ မဟာမိတ်ဖြစ်ပေမဲ့ အခုတော့ သူ့ကိုဖြုတ်ချဖို့အတွက် တချိန်က ရန်သူတော်နှစ်ဦး ပူးပေါင်း ကြိုးစားလာကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အတိုက်အခံက အနိုင်ရမယ့်အခြေအနေ သိပ်မရှိလှပေမဲ့လည်း တကယ်တမ်း အနိုင်ရမယ်ဆိုရင်တော့ အန်န်ဝါ အနေနဲ့ နိုင်ငံရေးလောကထဲကို လှလှပပ ပြန်ဝင်လာနိုင်မှာပဲဖြစ်ပါတယ်။
သူဟာ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ပြန်လွတ်လာဖို့ရှိပြီး သူ့ကိုခေါင်းဆောင်နေရာ လွှဲပေးမယ်လို့လည်း မဟာသီယာက ကတိပြု ထားပါတယ်။ မလေးရှားဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် အန်န်ဝါအနေနဲ့ နိုင်ငံရေးအာဏာကို ရယူနိုင်တယ်လို့ တာဝန်ရှိသူ တွေကပြောပါတယ်။
လက်ရှိဝန်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ National Front အမျိုးသားတပ်ဦးပါတီဦးဆောင်တဲ့အစိုးရ မလေးရှားနိုင်ငံကို ဆက်တိုက် အုပ်ချုပ်လာတာ နှစ်ပေါင်း ၆၀ ရှိသွားပြီဖြစ်ပါတယ်။
Your browser doesn’t support HTML5