မလေးရှားရှိ ထိန်းသိမ်းခံ မြန်မာ ၆၀ ကျော် နေရပ်ပြန်ပို့ရေး စီစဉ်နေ

မြန်မာနိုင်ငံသားများ မလေးရှားမှ ပြန်လာစဉ် (ဇူလိုင် ၂၀၁၆ )(Photo-Myanmar Embassy in Kuala lumpur malaysia)

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းဖြစ်သည့် Pekan Nenas နှင့် Melaka တို့မှာထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၆၀ကျော်ကို နေရပ်ပြန်ပို့ဖို့စီစစ်နေကြောင်း မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးက မတ်လ ၂၄ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံက လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း ၁၁ခုထဲက ထိန်းသိမ်းရေးစခန်း ၂ခုကိုမြန်မာသံရုံးက သွားရောက်စီစစ်မူလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၆၀ကျော်ကိုပြန်ပို့ဖို့အတွက် စီစဉ်နေခဲ့တာပါ။ ထိန်းသိမ်းရေးစခန်းတွေ ကို မြန်မာသံရုံးကိုယ်စားပြု သွားရောက်ခဲ့တဲ့ ဂျိုဟိုးမြို့ထိန်းသိမ်းစခန်းတာဝန်ခံ ကိုသီဟမောင်မောင်က မြန်မာတွေကိုစီစစ်မူတွေလုပ်ပြီးပြန်ပို့မယ့် အကြောင်းကို ပြောပြပါတယ်။

"ကျနော်တို့ပြီးခဲ့တဲ့အပတ်က ၈ျိုဟိုးပြည်နယ် Pekan Nenas ကိုသွားတယ်ပေါ့ အဲဒီမှာ ၃၄ဦးစီစစ်ခဲ့တယ်ပေါ့။ နောက်တနေရာက Melaka ထိန်းသိမ်းရေးစခန်းကကို သွားရောက်စီစစ်ခဲ့တယ်ပေါ့ အဲဒီမှာ မြန်မာ ၄၂ဦးပေါ့ အဲဒီလိုမျိုးတွေစီစစ်တာပါ ။ လတိုင်း သွားစစ်ခဲ့တာတွေ အပ်ဒိတ်လုပ်ပါတယ်။ အရင်တုန်းက တော့ အလှူရှင်မရှိရင် အလှူရှင်ရရင်ပြန်ပို့တာမျိုးရှိတာပေါ့ စစ်ပြီးတဲ့လူတွေပေါ့ လေယာဉ်လက်မှတ်ကျခံနိုင်တဲ့သူတွေကို ပြန်ပို့တာပေါ့ ။ တချိုအိမ်နဲ့ အဆက်အသွယ်မရှိရင် ကျနော်တို့လည်းကျခံပြိးပြန်ပို့တာတွေလည်းရှိတယ်"

မလေးရှားနိုင်ငံမှာ၂၀၁၆ခုနှစ်ကုန်ပိုင်းမှာ မြန်မာတွေတိုက်ခိုက်ခံရမူတွေနဲ့ မြန်မာအရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ဆန္ဒပြမူတွေဖြစ်ပွားအပြီးမှာတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေစေလွှတ်မူတွေကို မြန်မာအလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနကနေ ၂၀၁၆ခုနှစ်ဒီဇင်ဘာလ၆ ရက်နေ့ကစတင်ပြီး ယာယီရပ်နားခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာလဲ ထိုင်း-မလေးနယ်စပ်ကနေတဆင့် ခိုးဝင်တဲ့မြန်မာတွေ အများအပြားရှိခဲ့တာပါ။ ၂၀၁၇ခုနှစ်ကုန် ကစလို့မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားအုပ်စု ၁၀စုထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြိး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်။

Your browser doesn’t support HTML5

မလေးရှားရှိ ထိန်းသိမ်းခံ မြန်မာ ၆၀ ကျော် နေရပ်ပြန်ပို့ရေး စီစဉ်နေ