မလေးရှားရေနံတင်သင်္ဘော တောင်တရုတ်ပင်လယ်မှာ ပြန်ပေးဆွဲခံရ

တောင်တရုတ်ပင်လယ်ပြင်မှာ မလေးရှားအလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘောတစီး ပင်လယ်ဓားပြတွေ စီးနင်းခံရပြီး ရေနံတွေ ဖောက်ယူတာ ခံခဲ့ရပါတယ်။ အဆင့်မြင့် ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ချက်လို့ ယူဆထားတဲ့ ဒီလို ဖြစ်ရပ်တွေမှာ အခုဖြစ်ရပ်ကတော့ နောက်ဆုံး ကြုံခဲ့ရတာပါ။

ရေနံတင်သင်္ဘော MT Oriental Glory တိုက်ခိုက်ခံပြီး သင်္ဘောပေါ်ကနေ ရေနံ တန်ချိန် ၂၅၀၀ ခိုးယူခံခဲ့ရပြီးတဲ့နောက် ဒီသင်္ဘောပေါ် လိုက်ပါသွားတဲ့ သင်္ဘောဝန်ထမ်း ၁၅ ယောက်ကတော့ ဘေးကင်းကင်းပဲ ကျန်ခဲ့တယ်လို့ မလေးရှား တော်ဝင်ရေတပ်က ပြောပါတယ်။

ပေ ၂၇၀ ကျော်ရှည်တဲ့ သင်္ဘောဟာ စင်္ကာပူနိုင်ငံကနေ မလေးရှားနိုင်ငံ ဘိုနီယိုကျွန်းက Sandakan ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတုန်း သန်းခေါင်မတိုင်ခင်လေးမှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ပင်လယ်ဓားပြတွေကြောင့် သင်္ဘောပေါ်က ဆက်သွယ်ရေးကိရိယာတွေနဲ့ စက်အင်ဂျင် ထိခိုက်သွားခဲ့ရပါတယ်။

ဧပြီလတည်းကဆိုရင် အခုက ၉ ကြိမ်မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ပင်လယ်ဓားပြတွေက သင်္ဘောကို တက်စီးပြီးတော့ ရေနံနဲ့ ဒီဇယ်တွေကို သူတို့ သင်္ဘောတွေပေါ်ကို ထုတ်ယူသွားခဲ့ကြပါတယ်။ တိုက်ခိုက်တဲ့သူတွေ ဘယ်သူဘယ်ဝါဆိုတာ မသိရသလို သူတို့ယူသွားတဲ့ လောင်စာတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းချပြီး ရတဲ့ငွေကို နိုင်ငံရေး ဒါမှဟုတ် အကြမ်းဖက် လုပ်ငန်းတွေမှာ အသုံးပြုသလားဆိုတာ သေချာမသိရပါဘူး။