လေယာဉ်ရှာဖွေမှု ရာသီဥတုကြောင့် ရပ်ထားရ

အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့တာဖြစ်ကြောင်း မလေးရှား အာဏာပိုင်တွေက ကောက်ချက်ချသွားတဲ့ မလေးရှား ပျောက်ဆုံးလေယာဉ် ရှာဖွေမှုတွေကို ရာသီဥတုဆိုးရွားလို့ ရပ်ထားလိုက်ရပြီးတော့ လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ဒေါသထွက်နေတဲ့ ဆွေမျိုးတွေကတော့ တရုတ်နိုင်ငံ ပီကင်းမြို့ရဲ့ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီလေယာဉ်နဲ့ပတ်သက်လို့ အဖြစ်မှန်ကို အသိပေးဖို့ တောင်းဆိုပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်လို့ လေယာဉ်ပျက်ထဲ ပါသွားသူတွေရဲ့ တရုတ်နွယ်ဖွား ဆွေမျိုးသားချင်း ၁၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

တချို့ ဆန္ဒပြသူတွေက မလေးရှားအစိုးရကို လူလိမ်တွေ၊ လူသတ်သမားတွေလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ Perth မြို့ကနေ မိုင်ပေါင်း ၁ ထောင့် ၅ ရာကျော် အကွာ ပင်လယ်ပြင်မှာ လှိုင်းလုံးကြီးတွေ၊ တိမ်ညိုတိမ်မဲတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် လေယာဉ်တွေနဲ့ သင်္ဘောတွေ ရှာဖွေရေး ဆက်လုပ်လို့ မရအောင် ဖြစ်ခဲ့ရတဲ့အကြောင်း သြစတြေးလျ ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက က ပြောပါတယ်။

ရာသီဥတု ပြန်ကောင်းလာရင်တော့ ရှာဖွေရေးလုပ်ငန်းတွေကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် စတင်မယ်လို့ ဆိုပါတယ်။ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး David Johnston ကတော့ မလေးရှားရဲ့ သုံးသပ်ချက်ဟာ လောလောဆယ် သူတို့မှာရှိတဲ့ အကောင်းဆုံး သတင်း အချက်အလက် ဖြစ်ပေမဲ့၊ ဒါဟာ ခန့်မှန်းချက် သက်သက်သာ ဖြစ်ပြီး အပျက်အစီး အပိုင်းအစတွေကို ရှာဖွေ စစ်ဆေးသုံးသပ်ပြီးမှသာ အတိအကျ ပြောနိုင်မယ်ဆိုတာကို သတိပြုရပါမယ်လို့ ပြောသွားပါတယ်။

"အလွန့် အလွန်ကို ခက်ခဲတဲ့ ရှာဖွေရေး လုပ်ငန်းကြီးပါ။ ရေကြောင်း စောင့်ကြည့် ထောက်လှမ်းမှုတွေမှာတော့ ဒါဟာ အကြီးမားဆုံး ကြိုးပမ်းမှု ဖြစ်ပါတယ်။ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အားလုံး ပူးပေါင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်လို့" - သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ပြောသွားတာပါ။

မလေးရှား လေကြောင်းလိုင်း CEO Ahmad Jauhari ကတော့ ဘယ်လိုပုံစံနဲ့ ဘာကြောင့် ဒီလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရတယ်ဆိုတာ မသိရပေမဲ့ အသက်ရှင် ကျန်ရစ်သူ သက်သေ တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။