မလေးရှားဝန်ကြီးချုပ် ဦးဆောင်တဲ့ ကုမ္ပဏီဘဏ်စာရင်း ချိတ်ပိတ်ခံရ

မလေးရှားဝန်ကြီးချုပ် Najib Razak

အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုတွေနဲ့ သံသယဖြစ်ခံနေရတဲ့ မလေးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ 1MDB – Malaysia Development Berhad က ငွေတွေကို ဆွစ်ဇာလန် အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ချိတ်ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် အကြံပေးဘုတ်အဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အဲဒီကုမ္ပဏီက ငွေကြေး အရှုပ်အရှင်းတွေနဲ့ ပတ်သက်လို့ မလေးရှားနဲ့ ဆွစ်ဇာလန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၁၁ ဘီလီယံ အကြွေးတင်နေတာနဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း ညံ့ဖျင်းမှု စတာတွေနဲ့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် ဘဏ်အကောင့်ထဲမှာရှိတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာသော ကုမ္ပဏီပိုင် ငွေတွေကို OAG - ဆွစ်ဇာလန် တရားသူကြီးချုပ်ရုံးက ထိန်းချုပ်ထားလိုက်ကြောင်း တရားရုံး ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ OAG ရုံးက သက်သေအထောက်အထားတွေကို စစ်ဆေးနေကြောင်း၊ OAG အနေနဲ့ မလေးရှား အာဏာပိုင်တွေနဲ့ အဆက်အသွယ် လုပ်ထားပြီးဖြစ်ကြောင်း၊ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့်တော့ မလေးရှားနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါကြောင်း ပြောခွင့်ရအမျိုးသမီးက အီးမေးလ်ကတဆင့် ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ 1MDB ကုမ္ပဏီကတော့ - သူတို့ သိရသလောက် သူတို့ရဲ့ ဘဏ်အကောင့်တခုမှာ ချိတ်ပိတ်ခံထားရခြင်းရှိကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးမှုနဲ့လည်း ကုမ္ပဏီအနေနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

1MDB ကုမ္ပဏီကနေ ဝန်ကြီးချုပ် Najib Razak ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲကို အမေရိကန် ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းသွင်းခဲ့ကြောင်း မလေးရှားစုံစမ်းစစ်သူတွေက တွေ့ရှိခဲ့တဲ့သတင်းကို Wall St Journal သတင်းစာမှာ July လ က ဖော်ပြခဲ့တဲ့သတင်းကြောင့် ဝန်ကြီးချုပ်အနေနဲ့ ရာထူးက ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ မြို့တော် ကွာလာလမ်ပူမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ကတော့ အစပထမက Wall St Journal မှာ ဖော်ပြတဲ့ သတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး၊ နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက နိုင်ငံရေး အလှူငွေ ပေးခဲ့ကြတာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အနေနဲ့ ရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလည်းလို့ ပြောပါတယ်။ဝန်ကြီးချုပ် Najib ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေသူတွေအထဲမှာ ဝန်ကြီးချုပ်ဟောင်း Mahathir Mhd လည်း ပါဝင်ပါတယ်။