မလေးရှားနိုင်ငံကို ရေကြောင်းကနေသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၄၃ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ အမျိုးသမီးတွေကတော့ လူမှောင်ခိုတွေက ဖမ်းဆီးတာ ခံရကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အသက် ၂၀ ဝန်းကျင် အများစုပါဝင်တဲ့ အမျိုးသမီး ၁၂ ယောက်ကို Cox's Bazar မြို့က အိမ်ခန်းတခုမှာ ဒီနေ့အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီး၊ သူတို့ကို ဖမ်းဆီးခဲ့သူတွေလို့ စွပ်စွဲထားတဲ့ လူမှောင်ခို ၂ ယောက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
ဒုက္ခသည် စခန်းတွေထဲက အမျိုးသမီးတွေကို လူမှောင်ခိုတွေက စည်းရုံးသိမ်းသွင်းပြီး မလေးရှားနိုင်ငံကို ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ ခေါ်လာခဲ့ပေမဲ့ Cox's Bazar မြို့က အိမ်တအိမ်မှာ ထားခဲ့တာ ဖြစ်ကြောင်းလည်း အထူးရဲတပ်ဖွဲ့ ပြောခွင့်ရ Mashkur Rahman က ပြောဆိုခဲ့တာပါ။ မနေ့နှောင်းပိုင်းမှာတုန်းကလည်း Kutupalong ဒုက္ခသည်စခန်းကနေ မိုင် ၇၀ လောက်အကွာမှာရှိတဲ့ Maheshkhali ကျွန်းပေါ်မှာ ရိုဟင်ဂျာ ၃၁ ယောက်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။
မလေးရှားကိုသွားမယ့် စက်လှေကို စောင့်ဆိုင်းရင်း ကမ်းခြေက တောထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၁၁ ဦးနဲ့ ကလေး ၆ ယောက်ကို တွေ့ရှိကယ်တင်ခဲ့ကြောင်းလည်း ပြည်နယ်ရဲမှူးကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး၊ ဒုက္ခသည်စခန်းက ခက်ခဲတဲ့ အခြေအနေတွေကြောင့် အန္တရာယ်များတဲ့ ရေလမ်းကနေ တခြားနိုင်ငံတွေကို သွားဖို့ ကြိုးစားကြတဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ မြန်မာနိုင်ငံက ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်ပြီး လက်ခံသွားဖို့ ကတိပြုထားပါတယ်။
Your browser doesn’t support HTML5