ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားတဲ့ မလေး သင်္ဘော ပြန်လည်တွေ့ရှိ

မလေးရှားသင်္ဘောနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲ။

ပြန်ပေးသမားတွေ တက်ရောက်စီးနင်းထားတဲ့ ဆီတင်သင်္ဘော Orkim Harmony ကို ဗီယက်နမ်ရေပိုင်နက်ထဲမှာ ရှာဖွေတွေ့ရှိထားတယ်လို့ မလေးရှား ရေတပ် ကပြောပါတယ်။ အခုအခါမှာ အဲဒီပြန်ပေးသမားတွေအနေနဲ့ လက်နက်ချဖို့နဲ့ သူတို့ကို အန္တရာယ်ပြုမှာ မဟုတ်ကြောင်း ကတိပေးထားတယ်လို့ မလေးရှား ရေတပ် အာဏာပိုင်တွေက ဒီကနေ့မှာ ပြောပါတယ်။ သင်္ဘောပေါ် တင်ဆောင်ထား တာတွေနဲ့ သင်္ဘောဝန်ထမ်းတွေ ဘေးကင်းလုံခြုံမှုရှိတယ်လို့ MMEA လို့ခေါ်တဲ့ မလေးရှားရေကြောင်း ကြီးကြပ်ရေး အေဂျင်စီက ကွာလာလမ်ပူမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုပါတယ်။

RON95 ဓါတ်ဆီ ပေပါပေါင်း ၅ ၀၀၀၀ တင်ဆောင်ထားတဲ့ အဲဒီသဘောၤဟာ ဇွန်လ ၁၁ ရက်နေ့က ဂျဟိုး ဆိပ်ကမ်းက ရေမိုင် ၃၀ အကွာမှာ ပြန်ပေးဆွဲခေါ်ဆောင် ခံရတာဖြစ်ပြီး သင်္ဘောပေါ်မှာ ပစ္စတိုသေနတ်နဲ့ ဓါး ကိုင်ဆောင် ထားတဲ့ပြန်ပေးသမား အနည်းဆုံး ၈ ဦး ရှိတယ်လို့ မလေးရှားရေတပ် အကြီးအကဲဗိုလ်ချုပ်ကြီး Abdul Aziz Jaafar က သူ့ရဲ့ တွီတာ စာမျက်နှာမှာ ရေးသားဖေါ်ပြထားပါတယ်။

အခုလအတွင်း ဒီလို သင်္ဘော ပြန်ပေးဆွဲတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ Orkim Harmony သင်္ဘောဟာ မလေးရှား Orkim သင်္ဘောကုမ္ပဏီကဖြစ်ပြီး သင်္ဘောဝန်ထမ်း ၂၂ ဦး ထဲမှာ မလေးရှားနိုင်ငံသား ၁၆ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ နိုင်ငံသား တယောက်ပါဝင်ပါတယ်။