Baltimore မြို့ညမထွက်ရအမိန့် ရုပ်သိမ်း

ဘောလ်တီမိုး မြို့တော်ဝန် Stephanie Rawlings-Blake သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (မေ ၃၊ ၂၀၁၅)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း၊ မယ်ရီလန်းပြည်နယ် Baltimore မြို့မှာ မြို့တော်ဝန် Stephanie Rawlings-Blake က ကာဖြူး ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး မြို့တော်ခန်းမမှာ ဆန္ဒပြနေကြတဲ့အချိန်မှာပဲ အခုလို ညမထွက်ရအမိန့်ကို ရုပ်သိမ်းကြောင်း မြို့တော်ဝန်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ရဲက ထိန်းသိမ်းထားစဉ် သေဆုံးသွားတဲ့ အာဖရိကန်-အမေရိကန် လူမည်းလူငယ် Freddie Gray သေဆုံးသွားပြီးတဲ့နောက် Baltimore မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကာဖြူး ညမထွက်ရအမိန့်ကို လိုအပ်တာထက် ပိုပြီး ပြဌာန်းမထားချင်ဘူးလို့ မြို့တော်ဝန် Rawlings-Blake က ပြောပါတယ်။ သူ့ရဲ့ နံပါတ (၁) ဦးစားပေး လုပ်ငန်းဟာ Baltimore မြို့သူမြို့သားတွေနဲ့ အများပြည်သူ ငြိမ်းချမ်း၊ လုံခြုံပြီး ကျန်းမာစွာနဲ့ လူမှုဘဝ ဖူလုံရေးဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ အမေရိကန် အများပြည်သူ လွတ်လပ်ခွင့် သမဂ္ဂနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကာဖြူးထုတ်လိုက်တဲ့အပေါ် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

မြို့တော်ဝန်က ကာဖြူး ရုပ်သိမ်းကြောင်း ကြေညာအပြီး သိပ်မကြာခင်မှာပဲ ပြည်နယ်အတွင်း တခြားမြို့တွေကနေ မြို့လုံခြုံရေးအတွက် ခေါ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်ဟာ မြို့ကနေ စတင် ပြန်လည် ထွက်ခွာနေပြီလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Larry Hogan က ပြောပါတယ်။ ဒါပေမယ့် မြို့မှာ အရေးပေါ် အခြေအနေ ကြေညာထားတာကိုတော့ အဲဒီ လုံခြုံရေးတပ်ဖွဲ့ ပြန်လည် ထွက်သွားမပြီးမချင်း ပြန်လည် ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Larry Hogan က ပြောပါတယ်။