မလေးလေယာဉ်ပျက် အထောက်အထားတွေ သယ်ယူသွားမှု ကန်စိုးရိမ်

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတစ်ဦး လေယာဉ်ပျက်တွေကြားမှာ တွေ့ရစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဉ် အပိုင်းအစတွေကို အဲဒီ လေယာဉ်ပျက်ကျတဲ့နေရာကနေ တခြားနေရာကို သယ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

အဲဒီ ဒေသမှာရှိနေတဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေက ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ တခြား သက်သေအထောက်အထားတွေကို တခြားကို သယ်သွားကြတယ်ဆိုတဲ့ သတင်းတွေထွက်လာနေတာကြောင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးကယ်ရီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ စနေနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လေယာဉ်ပျက်ကျတဲ့နေရာကို ဥရောပတိုက်က စောင့်ကြည့် စစ်ဆေးသူတွေ အသေအချာ သွားရောက် စစ်ဆေးခွင့် မရတဲ့အပေါ်မှာလည်း စိုးရိမ်မိကြောင်း မစ္စတာ Lavrov ကို ဝန်ကြီးကယ်ရီက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိနေတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေထံ ရုရှားဖက်က လက်နက်တွေ တင်ပို့နေတာနဲ့ တခြား ကူညီ တိုက်ခိုက်မယ့် သူတွေ ဝင်ထွက်နေတာတွေ ရပ်တန့်ရေး ရုရှားအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လည်း ဝန်ကြီးကယ်ရီက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်က ရရှိ ထွက်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်တဲ့ ကိရိယာတွေ စုံစမ်း စစ်ဆေးသူတွေလက်ထဲရောက်အောင် ဆောင်ရွက်ပေးမယ်လို့ မစ္စတာ Lavrov က ပြန်လည် ပြောကြားခဲ့ကြောင်း ရုရှားအခြေစိုက် Interfax သတင်းအေဂျင်စီက ပြောပါတယ်။

နယ်သာလန် ဝန်ကြီးချုပ် Mark Rutte ကလည်း သေဆုံးသူတွေရဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားနေတဲ့ပုံတွေ တွေ့ရတဲ့အတွက် အံအားသင့်မိကြောင်း ရုရှားသမ္မတ Vladimir Putin ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။