မန်ယူ နည်းပြသစ် ရွေးချယ်

မန်ချက်စတာယူနိုက်တက်က နည်းပြသစ် အဖြစ် ရွေးချယ်လိုက်တဲ့ အဲဗာတန် နည်းပြ David Moyes

လက်ရှိ အဲဗာတန်အသင်းရဲ့ နည်းပြ David Moyes ကို မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြသစ်အဖြစ်နဲ့ ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ မန်ယူ နည်းပြ Ferguson အခု ဘောလုံး ရာသီအကုန်မှာ အနားယူမယ် လို့ ကြေငြာလိုက်ပြီး တရက်အကြာမှာ David Moyes ကို နည်းပြသစ်အဖြစ် Man U က ရွေးချယ်လိုက်တာပါ။ မန်ယူအသင်းက David Moyes ကို ၆ နှစ် စာချုပ်ချုပ်ဆိုလိုက်တဲ့အတွက် မွိုက်စ်ဟာ လာမယ့်ဇူလိုင်လ ၁ ရက်နေ့ကစပြီး မန်ယူနည်းပြ တာဝန်ကို ယူရတော့မှာ ဖြစ်ပါတယ်။

Ferguson ကိုယ်တိုင်က သူ့နေရာမှာ အစားထိုးဖို့အတွက် David Moyes ကို အဆိုပြု ခဲ့တာဖြစ်ပြီး ၊ မန်ယူဘုတ်အဖွဲ့ကလည်း ဒါကို အပြည့်အဝ သဘောတူ ခဲ့ကြပါတယ်။ Ferguson ရဲ့ နေရာကို ဆက်ခံဖို့အတွက် လက်ရှိ Real
နည်းပြ မိုရင်ညို အပါအဝင် တခြား ကမ္ဘာပေါ်က နာမည်ကြီး နည်းပြတချို့ ရဲ့နာမည်တွေထွက်လာခဲ့ပေမယ့်လည်း နောက်ဆုံးမှာ
ဒေးဗစ်မွိုက်စ်ကို ရွေးလိုက်တာပါ။

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး Sir Bobby Charlton ကလည်း ဖာဂူဆန် အနားယူ သွားပြီးရင် အစားထိုးဖို့ တကယ်ကို Manchester United ပုံစံ မျိုး ရေရှည် ကိုင်တွယ်သွားမယ့် နည်းပြမျိုးကိုပဲ လိုချင်တယ်လို့ ဆိုခဲ့ပြီး၊ David မှာ ဒီလို အရည်အချင်းမျိုးတွေရှိတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ David Moyes ဟာ အဲဗာတန်နည်းပြတာဝန်ကို ၂၀၀၂ ခုနှစ်ထဲက ယူခဲ့ပါတယ်၊ သူဟာ အဲဗာတန်အသင်းအတွက် ဆုဖလားကြီးတွေ ရအောင် လုပ် မပေးနိုင်ခဲ့ပေမဲ့ ဥရောပပြိုင်ပွဲတွေ ဝင်နိုင်အောင်တော့ စွမ်းဆောင်ပေးခဲ့ပါတယ်။