မြင်းခြံထောင် ဆန္ဒပြမှု ညှိနှိုင်းရေး ပြေလည်

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတွေ တောင်းဆိုပြီး ဒီကနေ့ အစောပိုင်းမှာ ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ပါတယ်။ အကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ မွန်းလွဲပိုင်းမှာ ဆန္ဒပြမှုတွေ အဆုံးသတ်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြင်းခြံအကျဉ်းထောင်မှာအောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး အဆောင် (၁)နဲ့ (၂) အကျဉ်းသားတွေကထောင်ပိုင်ကြီးပြောင်းပေးဖို့ အပါအဝင် အချက် ၃ချက် တောင်းဆိုပြီး ဆန္ဒပြခဲ့တဲ့အတွက် မြင်းခြံမြိုနယ်အတွင်းက ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံမြို့က အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်တို့လည်း အကျဉ်းထောင်ကိုသွားရောက်ကြည့်ရှု့ခဲ့ပါတယ်။ ဆန္ဒပြနေသူတွေကိုမတွေခဲ့ရပေမယ့် ထောင်ပိုင်ကြီးက အကျဉ်းသားတွေဆန္ဒပြကြတာနဲ့ ပတ်သက်လို့ရှင်းပြခဲ့တဲ့ အကြောင်းကိုတော့ မြင်းခြံမြိုကအမျိုးသားလွတ်တော် ကိုယ်စားလှယ်ဦးအောင်မျိုးလတ်က အခုလိုပြောပြပါတယ်။

“ထောင်ပိုင်ကြီးရောက်လာတယ်။ ရောက်လာပြီးတော့ ကျနော်တို့ကိုရှင်းပြတယ်။ ဆန္ဒပြတာပေါ့နော် ထောင်ပိုင်ကြီးပြောင်းပေးဖို့ရယ် အစားအသောက်ကို ထောင်ကိုယ်တာအတိုင်းပြည့်ပြည့်၀၀ ပေးဖို့ပေါ့ဗျာ။ ထောင်စဉ်းကမ်းအရ သိမ်းတာ ဆည်းတာတွေရှိတယ်ပေါ့နော်။ ကျနော်တို့သွားပြီး ၁၅ မိနစ်လောက်နေမှ ငြိမ်သွားတယ်။ လောလောဆယ် ယာယီတော့ အဆင်ပြေသွားပြီ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မသိသေးဘူးပေါ့နော်။”

မနက်ပိုင်းကစပြီး အကျဉ်းထောင်တွင်းကေ န အော်ဟစ်ဆန္ဒပြနေသံတွေကြားရတာကြောင့် အကျဉ်းထောင်ရှေ့ကိုသွားရောက်ခဲ့တဲ့ မြင်းခြံမြိုက တက်ကြွလှုပ်ရှားသူ ဒေါက်တာစိုးနိုင်ကတော့ အကျဉ်းထောင်တွင်းကိုသွားရောက်ဖြေရှင်းပေးခဲ့တဲ့ ရဲအရာရှိတဦးက ထောင်တွင်းဆန္ဒပြမူနဲ့ပတ်သက်လို့ရှင်းပြခဲ့တဲ့အကြောင်းအခုလိုပြောပြပါတယ်။

“အဲဒီဟာကို ရဲ ၁ ယောက်ပြောပြတာကတော့ သူတို့ ပထမတော့ ရန်ဖြစ်လို့ ၁ ယောက်ကို တိုက်ပိတ်လိုက်တာ။ အဲလို တိုက်ပိတ်တာ ကနေ မကျေနပ်ပဲနဲ့ ဆန္ဒပြတယ်လို့ပြောတယ်။ ဒါပေမယ့် အခြေခံအချက်က ထောင်ပိုင်ကို မကျေနပ်တာလို့ပြောပါတယ်။ ထောင်ပိုင်က မတရားဖိနှိပ်ချုပ်ချယ် တယ်လေ။ နောက်တချက်က သူတို့ သုံးတဲ့ စောင်တွေကို ပြန်သိမ်းထားတယ်ပေါ့။ သူတို့အေးလာတယ်ပေါ့ စောင်ခြုံမှာနဲ့ ခင်းမှာနဲ့ဆိုတော့ မလုံလောက်ဘူး။ မလုံလောက်တော့ ဒီစောင်တွေကို ပြန်မသိမ်းစေချင်ဘူး ဒါပထမအချက်ပေါ့နော် သူတို့တောင်းဆိုတယ်ဆိုတာ။ ဒုတိယအချက်က ထောင်ပိုင်တွေကို ထောင်ပိုင်က မတရားဖိနှိပ်လို့ ထောင်ပိုင်ကို ပြောင်းပေးဖို့ဆိုပြီးတော့ ညှိနှိုင်းထားတယ်လို့ပြောတယ်။ ညှိတော့ လူကြီးတွေက အားလုံးဖျန်ဖြေပြီးတော့ ဒီ ၂ ချက်ကို တင်ပြပြီးတော့ဆောင်ရွက်ပေးမယ်ဆိုပြီး ညှိနှိုင်းပြီးတော့ ပြီးသွားတယ်လို့ပြောတယ်။ဒီစောင်တွေနဲ့ ကြိုးလိုလုပ်ပြီးတော့ ထောင်ဖောက်ပြီးပြေးမှာတို့၊ ထောင်ကျော်ပြီးပြေးမှာတို့ ဒီလိုတွေလုပ်မှာစိုးလို့တဲ့ ။ ထောင်သားတွေကလည်း အဲလိုမှ မပေးရင် သူတို့ အေးတဲ့ ဒဏ်ကို မခံနိုင်ဘူး။ ”

မြင်းခြံမြို့မှာ ၁၀ စုနှစ်တခုအတွင်းမှာအခုလိုမျိုး ထောင်ဂဏန်း ရှိတဲ့အကျဉ်းသားတွေဆန္ဒပြတာကိုတော့ မတွေကြံဘူးတဲ့အကြောင်းမြင်းခြံမြိုခံဒေါက်တာစိုးနိုင်ကဆက်ပြောပြပါတယ်။ မြင်းခံအကျဉ်းဦးစီးဌာနကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ တော့အခုလိုပြောသွားပါတယ်။

“ အားလုံးအေးဆေးပါပဲ။”

နောက်ထပ်မေးခွန်းတွေကိုတော့မြင်းခြံအကျဉ်းဦးစီးဌာနကဖြေကြားခဲ့ခြင်းမရှိပါဘူး။

ဆန္ဒပြသူတွေရဲတောင်းဆိုချက်နဲ့ပတ်သက်လို့အုပ်ချုပ်ရေးအဖွဲတွေနဲ့မြင်းခြံမြိုက ရဲမူးတွေက ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တာကြောင့်နေလည်ပိုင်းမှာတော့ ဆန္ဒပြမူတွေရပ်သွားပြီး ပြေလည်မူတွေ ရရှိသွားတယ်လို့လည်း အမျိုသားလွတ်တော်ကိုယ်စားလှယ်ဦးအောင်မျိုးလတ်က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

မြင်းခြံထောင် ဆန္ဒပြမှု ညှိနှိုင်းရေး ပြေလည်