တောင်အာဖရိကတဝှမ်း မန်ဒဲလားအတွက် ဆုတောင်းပွဲတွေကျင်းပ

တောင်အာဖရိကသမ္မတ Jacob Zuma (ဝဲ) မြေး Mandla Mandela နဲ့ ချွေးမ Josina Machel

အသက် ၉၅ နှစ်နဲ့ ကွယ်လွန်သွားခဲ့တဲ့ တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်လဆင်မဲန်ဒဲလားအတွက် ဆုတောင်းပွဲတွေကို နိုင်ငံတဝှမ်းမှာ ဒီကနေ့ ကျင်းပနေကြပါတယ်။

လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင်ကြီး နယ်လ်ဆင် မဲန်ဒဲလားကို တောင်အာဖရိကနိုင်ငံအတွက် ချီးမြှင့်ခဲ့လို့ ဂျွန်ဟဲန်းနက်စ်ဘတ်မြို့က ဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲမှာ တောင်အာဖရိကသမ္မတ ဂျေ့ကော့ဖ် ဇူးမားက ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းသွားခဲ့ပါတယ်။

မစ္စတာမဲန်ဒဲလားရဲ့ ဇနီးဖြစ်သူ ဝင်နီမဲန်ဒဲလားနဲ့ တခြားမိသားစုဝင်တွေကလည်း အဲဒီ ဘရိုင်ယဲန်စတဲန် မက်သဒစ်ဘုရားကျောင်းက ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ကတော့ အင်္ဂါနေ့မှာကျင်းပမယ့် နိုင်ငံတော် အမှတ်တရ ဝတ်ပြု ဆုတောင်းပွဲကို တက်ရောက်ဖို့အတွက် ဂျွန်းဟဲန်းနက်စ်ဘတ်မြို့ကို သွားရောက်မှာပါ။ အဲဒီဆုတောင်းပွဲကို ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပခဲ့တဲ့ ဆော့ကာ စစ်တီ (Soccer City) အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြည်နယ်တွေ၊ မြို့နယ်တွေအလိုက်လည်း ဝတ်ပြု ဆုတောင်းပွဲတွေ ကျင်းပကြမှာပါ။

အမေရိကန်သမ္မတဟောင်း ဘေလ်ကလင်တန်၊ ဂျော့ချ်၊ ဒဗလျူဘုရှ်တို့လည်း တက်ရောက်ကြမှာပါ။ မစ္စတာမဲန်ဒဲလားရဲ့ ရုပ်အလောင်းကတော့ တောင်အာဖရိကအစိုးရ ရုံးစိုက်ရာ ပရီတိုးရီးယားမြို့တော်က Union Building အဆောက်အဦးမှာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ရှိနေမှာ ဖြစ်ပါတယ်။