Mangkhut တိုင်ဖွန်းမုန်တိုင်း ဟာ ဖိလစ်ပိုင်နိုင်ငံကို စနေနေ့ မနက်အစောပိုင်းမှာ ဝင်ရောက် လာဖို့ရှိကြောင်း ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြီးဟာ အဝန်းပမာဏ မိုင် ၅၅၀ နီးပါးရှိပြီး လေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၇၀ ရှိနေပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာမှာ တိုက်ခိုက်တဲ့ ဟာရီကိန်းမုန်တိုင်း အဆင့် ၅ ပြင်းအားနဲ့ ညီမျှပါတယ်။
Mangkhut မုန်တိုင်းတိုက်ခတ်တဲ့ နေရာ ပတ်ဝန်းကျင် မိုင် ၅၀၀ ကျော်အတွင်း လမ်းတံတား၊ အဆောက်အဦးတွေ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးထိခိုက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သောကြာနေ့ ကထုတ်ပြန်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးနဲ့ လခြမ်းနီ အဖွဲ့အစည်းတို့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဖိလစ်ပိုင်ကြက်ခြေနီအသင်းအနေနဲ့လည်း အဖွဲ့ဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ တွေကို Mangkhut မုန်တိုင်း ကျရောက်မယ့်နေရာတွေ ဆီကို စေလွှတ်ထားပြီး ပျက်စီးဆုံးရှုံးမှု ပမာဏတိုင်းတာဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် အကူအညီတွေ ချက်ချင်းပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေကြကြောင်း ကြေညာချက်က ဆိုပါတယ်။
မုန်တိုင်းဟာ တနာရီကို မိုင် ၁၅၀ တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသ ကျွမ်းကျင်သူ တွေက သတိပေးထားတဲ့အတွက်လူဦးရေ သန်းနဲ့ချီရှိနေတဲ့ Luzon ကျွန်းက စီးပွားရေးလုပ်ငန်း တွေနဲ့ ဒေသခံတွေဟာလည်း မုန်တိုင်းဘေး လွတ်အောင် နောက်ဆုံးအချိန်ထိ ပြင်ဆင်နေကြပါတယ်။
ထောင်နဲ့ချီပြီး လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းရေးအစီအစဉ်ကို ဖိလစ်ပိုင်အစိုးရက ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံရဲ့ ဆန်စပါးနဲ့ ပြောင်း အဓိကစိုက်ပျိုးတဲ့ Luzon ကျွန်းက လူဦးရေ ၄ သန်းကျော်အတွက် အန္တရာယ် ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5