ပဲရစ်အကြမ်းဖက် တိုက်ခိုက်ခံရမှု လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံး

ဓားစာခံ အမြောက်အများကို ဖမ်းထားပြီး အကြမ်းဖက်သမားတွေ သိမ်းပိုက် ထားတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဂီတရုံကို ရဲတွေက ဝင်ရောက် စီးနင်းရာမှာ အခု ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ အကြမ်းဖက် သမားတွေ က မောင်း ပြန်သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမေရိကန်တီးဝိုင်းတခုက ဖျော်ဖြေနေတဲ့ အဲဒီဂီတရုံ တနေရာတည်းမှာတင် လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေကြားထဲမှာ သေနတ်သမား ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လူ တထောင်ခန့် ကြည့်ရှုနေတဲ့ ဒီကပွဲရုံမှာ ရုရှား လုပ် Kalashnikov မောင်းပြန် သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး - လူအများအပြား ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ဘယ်နှစ်ယောက်လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာ အခုထိ မသိရသေးပါဘူး။
ပြင်သစ်သမ္မတ Francois Hollande ကတော့ - နယ်စပ်တွေကို ပိတ်ပစ်လိုက်သလို - ပထမဆုံး တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ဒီလို နယ်စပ်ကို ပိတ်ထားလိုက်တာဟာ ၂၁ ရာစု ဥရောပမှာ ပထမဦးဆုံး လုပ်ရပ်ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဖြစ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတုန်းကလည်း ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း - သူတို့အနေနဲ့ တတ်နိုင်သလောက် ကူညီသွားမှာဖြစ်ပြီး၊ ပြင်သစ်ပြည်သူ တွေ အတွက် ဆုတောင်းပေးနေပါတယ်လို့ ပြောဆို ခဲ့သလို၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးတော့ - ဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပပြီး ဂျာမနီအသင်းနဲ့ ဘောလုံးကန်နေချိန် - ပဲရစ်မြို့မြောက်ဘက်က အမျိုးသားအားကစားကွင်းအနီး စားသောက်ဆိုင် တခုမှာ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွင်း လူတော်တော်များများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အားကစားကွင်းအတွင်းကလည်း ကြားခဲ့ရပြီး ဒီဘောလုံးပွဲမှာ ပြင်သစ်သမ္မတ Francois Hollande လည်း သွားရောက် ကြည့်ရှုနေပြီး၊ သူ့ကို ရဲတွေက ခေါ်ထုတ်သွားခဲ့သလို၊ ဘောလုံးပွဲကို ရပ်လိုက်တဲ့အခါမှာလည်း ပရိသတ်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။