နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမည့် ကတိပြုချက်အပေါ် သတိထားကြိုဆို

(ဓာတ်ပုံ - Burma Campaign UK)

ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ ၂၀၁၃ ခုနှစ်အကုန်မှာ မကျန်စေရဆိုတဲ့ အာမခံပြောဆိုချက်ကို နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရအပေါ် တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိဖို့လိုပြီး လတ်တလော လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြပေးပါမယ်။

တနင်္လာနေ့ညနေပိုင်းက ဗြိတိန်နိုင်ငံလန်ဒန်မြို့ Chatham House မှာပြောခဲ့တဲ့ မိန့်ခွန်းအတွင်း မြန်မာသမ္မတ ဦးသိန်းစိန် က ဒီနှစ်ကုန်ပိုင်းကစပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားမှန်သမျှ လုံးဝမရှိရအောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ ကတိပေး ပြောဆိုလိုက်တဲ့အပေါ် အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအကျဉ်းသား လှုပ်ရှားသူတွေက ဝမ်းသာအားရ ကြိုဆိုလိုက်ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားအချို့ အပါအဝင် အကျဉ်းသားတွေကို ပြန်ပြီးတော့ လွှတ်ပေးခဲ့တာမျိုးတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်မယ့်အရေးကို ကြိုဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ စာရင်းပြုစုမှုနဲ့ အမှန်တကယ်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေကို မှန်ကန်မှုရှိအောင် စိစစ်ဆောင်ရွက်နေကြရတယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီစကားကို တော်တော်ကြိုဆိုတယ်။ အဲ့ဒီ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စာရင်းထဲက လူ အမှန်တကယ် ထောင်ထဲရှိ မရှိ၊ အဲ့ဒီဟာတွေ မှားတာယွင်းတာ လျော့တာ၊ မတွေ့တာ ဒါမျိုးတော့ ရှိမယ်။ ဒါကတော့ သက်ဆိုင်ရာ အကျဉ်းဦးစီးကလည်း တတ်နိုင်သမျှ သူတို့လည်း ရှာပြီးတော့ စာရင်းပြုစုပေးပါတယ်။ အဲ့ဒါ check လုပ်တာ အကုန်လုံး အလျှင်မှီလို့ရှိရင်လည်း သမ္မတကြီးပြောတဲ့အတိုင်း အားလုံး လွတ်လာမယ်ဆိုရင်တော့ ဝမ်းသာစရာပါ။”

အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ပြန်လွှတ်ပေးမယ်ဆိုတာ ကြိုဆိုပေမဲ့ လယ်သမား၊ အလုပ်သမားရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ်မှာ လတ်တလောမှာကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPPB ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံး လေး ရက်လောက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှေ့တန်းကနေ လုပ်ပေးနေတဲ့ ဆောင်ရွက်ပေးနေတဲ့သူတွေကို ထောင်ချလိုက်တာရှိတယ်။ ပြစ်ဒဏ်တွေ ထပ်တိုးလိုက်တာရှိတယ်။ ဆိုတော့ အဲ့ဒါမျိုးတွေ ထပ်ရှိနေဦးမယ်ဆိုရင်တော့ ဒီနှစ်ကုန်အထိ အားလုံး လွတ်မြောက်သွားလိမ့်မယ်ဆိုတဲ့ ကိစ္စကတော့ ပြောရခက်တယ်။ နောက်တခါ အရင်လူတွေ အကုန်လုံး လွတ်သွားဦးတော့ နောက်လူတွေ ထပ်ဖမ်းနေတယ်ဆိုရင်လည်း အစားထိုးသလို ဖြစ်နေတယ်လို့ ကျနော်တို့ကတော့ အဲ့ဒီလိုမြင်တယ်။ သို့ပေမဲ့ ကျနော်တို့ကတော့ ဒီနှစ်ကုန် နောက်ဆုံးထား ပြန်လွှတ်ပေးမယ်ဆိုရင်တော့ သမ္မတပြောသလို ကတိပေးခဲ့သလို လုပ်ပေးနိုင်တယ်လို့ ပြောလို့ရမှာပါ။”

နိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အခွင့်အရေး တစုံတရာ အတိုင်းအတာအထိ လွတ်လပ်လာပြီဆိုပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး အဖမ်းဆီးခံရမှာကို လုံးဝ မလိုလားဘဲ အခုလို သမ္မတရဲ့ နိုင်ငံရေးအကျဉ်းသား မရှိစေရဆိုတဲ့ ပြောဆိုချက်ကို ကြိုဆိုပါတယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီပါတီသစ်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုပါတယ်။

“သမ္မတကြီးပြောတဲ့အတိုင်းဆို ဒီ ၂၀၁၃ ခုနှစ်က နိုင်ငံရေးအကျဉ်းသားတွေ ကုန်ရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၀၀ လောက်ကျန်တဲ့ စာရင်းထဲကနေ တော်တော်များများကို လွှတ်ပေးဖို့ သမ္မတကြီးကို ထောက်ခံတင်ပြနိုင်ခဲ့တာ ရှိပါတယ်။ ကျနော်ဆီကို ရောက်လာတဲ့ အကျဉ်းချုပ်စာရင်းကို ကြည့်လိုက်ရင် အရင်ကထက် နည်းလာပါပြီ။ အဲ့ဒါကြောင့် သမ္မတကြီး ပြောကြားချက်အတိုင်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ တချို့ကိစ္စတွေက မိမိရဲ့ ဆန္ဒတို့၊ မိမိ သဘောထားတို့ ထုတ်ဖော်ပြောဆိုကြပေမဲ့ တရားဥပဒေနယ်ပယ်ထဲကို ထိပါးပြီးတော့ မဖြစ်ဖို့လိုတယ်လေ။”

မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအတွက် အစိုးရပိုင်းက ပြည်ထဲရေးဝန်ကြီး၊ ရှေ့နေချုပ်ရုံးအကျဉ်းဦးစီးဌာနနဲ့ နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကြိုးပမ်းနေသူတွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ ဖွဲ့ပြီး နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကိုလည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အများသဘောတူ လက်ခံတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဝေါဟာရတရပ် တရားဝင် ဖြစ်ပေါ်လာရေးက အဓိကအရေးကြီးပြီး ဒါမှ ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပေးမယ်ဆိုတဲ့ သမ္မတရဲ့ ကတိကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင် ကိုဘိုကြည် က ပြောပါတယ်။

“ကော်မတီကို ပို့ထားတာက ၁၆၂ ယောက်ရှိပါမယ်။ အဲ့ဒါကို ကျနော်တို့ ဆက်ပြီးတော့ စကားပြောနေတာရှိပါတယ်။ ဒါက ထောင်ကျပြီးသားပေ့ါ။ ထောင်မကျသေးတာက ၇၀ ကျော် ရှိနေပါတယ်။ ဒါက အမှု ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ AAPP အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တွေ၊ တခြား နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့အတူ အထဲက နိုင်ငံရေးပါတီတွေ စုပြီးတော့ အဲ့ဒီလိုမျိုး ဒီ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ဟာကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ သတ်မှတ်ပြီးတော့ ကျနော်တို့က တယောက်ယောက် အဖမ်းခံရရင် ဒီလူကို နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ တိုင်းတာနေဖို့ဖြစ်ပါတယ်။ အဲ့လိုပဲ လွှတ်တော်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချပြစေချင်တယ်။ အလေးထားပြီးတော့ လုပ်ဆောင်စေချင်ပါတယ်။”

ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ဥရောပခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိအောင် လုပ်ဆောင်မယ်လို့ ကတိပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။