အင်တာနက် လူမှုကွန်ယက် Facebook တည်ထောင်သူနဲ့ အမှုဆောင်အရာရှိ Mark Zuckerberg နဲ့ တရုတ် ဝါဒဖြန့်ချိရေး အကြီးအကဲတို့ စနေနေ့က ရှားရှားပါးပါး တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။
တရုတ် ဝါဒဖြန့်ချိရေး အကြီးအကဲ Liu Yunshan
တရုတ်နိုင်ငံတွင်း အင်တာနက် ဆိုင်ဘာ ထိန်းချုပ်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေချိန်မှာပဲ အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံအားလုံးတို့က ပြည်သူတွေအတွက် အင်တာနက် ဖွံ့ဖြိုးမှုကနေ အကျိုးအမြတ်ကောင်းတွေ ရရှိခံစားရရေး တရုတ် ကုမ္ပဏီတွေဘက်က ကူညီပေးနိုင်စေရေးအတွက် Facebook ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ် ဝါဒဖြန့်ချိရေး အကြီးအကဲ Liu Yunshan က Mark Zukerberg ကို ပြောဆိုခဲ့တယ်လို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းအေဂျင်စီက ဖော်ပြပါတယ်။
Facebook တည်ထောင်သူ Mark Zukerberg ဟာ စီးပွားရေး ဖိုရမ်တခုကို တက်ရောက်ဖို့အတွက် ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကတော့ ကမ္ဘာတလွှား အင်တာနက် အုပ်ချုပ်မှု စနစ်တရပ် ဖော်ဆောင်ရေးနဲ့ အင်တာနက် အသုံးပြုမှုကို နိုင်ငံတွေကြား ပူးပေါင်းပြီး စည်းကမ်း ထိန်းသိမ်းဖို့၊ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ပေးရေး အပေါ်မှာ ပိုပြီး ထိန်းချုပ်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ပြောဆိုနေတာ ဖြစ်ပါတယ်။
Facebook နဲ့ Twitter အပါအဝင် တခြား အနောက်နိုင်ငံတွေက လူမှုကွန်ယက်တွေကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။