မီးတောင်ကျောက်မျော နယူးဇီလန်နားမှာတွေ့

New Zealand နိုင်ငံ၊ Auckland မြို့အရှေ့မြောက်ဘက်မိုင် ၆၂၀ လောက်အကွာ ပစိဖိတ်သမုဒ္ဒရာ ထဲမှာ Belgium နိုင်ငံလောက်နီးပါး ပမာဏရှိတဲ့ မီးတောင်ကျောက်စုကြီး တခု မျောနေတာကို New Zealand လေတပ်က တွေ့ရှိခဲ့ပါတယ်။

ကြာသပတေးနေ့မှာ စတွေ့တဲ့ မီးတောင်ကျောက်ကြီးဟာ ဝင်ရိုးစွန်းမှာတွေ့ရတဲ့ ရေခဲပြင်ကြီးတခုနဲ့ တူတယ်လု့ိ မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။ ဒီမီးတောင်ကျောက်ကြီးဟာ ရေအောက် မီးတောင်ထဲ ကနေ ထွက်လာတဲ့ ဂေါက်သီးဘောလုံးလောက်ရှိတဲ့ ကျောက်ပွတွေ စုစည်းနေတာ ဖြစ်ပါတယ်။

ဝေဟင်ပေါ်ကနေ တွေ့ခဲ့ရပြီးနောက်မှာ ဒီ မီးတောင်ကျောက်စုကြီးကို သင်္ဘောတွေ ရှောင်ရှားနိုင်ဖို့ New Zeland ရေတပ်ကို လှမ်းပြီး သတိပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကျောက်ပွတွေဟာ သင်္ဘောတွေ အတွက် အန္တရာယ်မရှိနိုင်ဘူးလို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

စတုရန်းမိုင် ၁ သောင်း ၆ ထောင်ကျော် အရွယ်ရှိတဲ့ ကျောက်စုကြီး အစွန်းနားအထိ သိပ္ပံပညာရှင်တွေ ပါတဲ့ သင်္ဘောတစီး ကြာသပတေးနေ့ ညမှာပဲ သွားရောက် စူးစမ်းလေ့လာခဲ့တဲ့ အကြောင်းနဲ့ သင်္ဘောက ထိုးတဲ့ မီးရောင်အောက်မှာ မီးတောင်ကျောက်တွေဟာ အဖြူရောင်တောက်နေတယ်လို့ New Zealand ရေတပ်ပြောခွင့်ရသူက ပြောပါတယ်။

အခုလို ကျောက်ပွတွေထွက်လာခဲ့တဲ့ မီးတောင်ဟာ ဒီသတင်းပတ်အစောပိုင်းက ပေါက်ကွဲခဲ့တဲ့ Tongariro မီးတောင်နဲ့ မဆိုင်ဘူးလို့ သွားလေ့လာခဲ့တဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။