Madeleine Albright အစိုးရအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albrightနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံစဉ် (၃ ဇွန် ၂၀၁၃)

မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်ပတ်ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က အတည်ပြု ပြောဆိုပါတယ်။ မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရက အရာရှိတွေနဲ့လည်း တွေ့မှာဖြစ်ပါတယ်။

မနေ့က တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ NDI အမေရိကန် အမျိုးသားဒီမိုကရေစီအဖွဲ့က ကူညီလုပ်ဆောင်ပေးနိုင်မယ့် ကိစ္စတွေကို လေ့လာဖို့ ရောက်ရှိနေတဲ့ NDI ဥက္ကဌလည်းဖြစ်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ မနေ့က ဇွန်လ ၂ ရက်နေ့မှာ ဘာသာရေးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီကနေ့တော့ နေပြည်တော်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာ ရှိနေစဉ်အတွင်း မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတာအပါအဝင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်၊ မိတ္ထီလာမြို့ ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

မနေ့က တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စအပါအဝင် ၂၀၁၅ ရွေးကောက်ကိစ္စတွေကို မက်ဒလင်း အောဘရိုက် (Madeleine Albright) က စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ အဲ့ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျော်မြင့် က ဗွီအိုအေကို ပြောပါတယ်။

“မက်ဒလင်း အောဘရိုက် (Madeleine Albright) က သူက ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူ သိချင်တယ်ပေါ့နော်။ နောက်တစ်ချက်က PR စနစ်၊ PR စနစ်ကို သဘောကျ မကျပေါ့။ နောက်တစ်ချက်က ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင် မဝင်ပေါ့လေ။ အကြမ်းမျဉ်းကတော့ အဲ့ဒီလောက် မှတ်မိလိုက်တယ်။ သူတို့က တိုင်းရင်းသားပါတီတွေ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ သဘောထား ဘာရှိသလဲ ဒါတွေကို သူ သိချင်တယ်။”

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စမှာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ချဉ်းကပ်ပုံခြင်း မတူတာကိုလည်း သူတို့ဘက်က တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဦးကျော်မြင့်က ဆက်ပြောပါတယ်။

“တိုင်းရင်းသားတွေအနေနဲ့ကတော့ နိုင်ငံရေး ဖြေရှင်းမှုတစ်ခုပေါ့ အဲ့ဒါ လိုအပ်တယ်။ အစိုးရဘက်က ပြောတာကတော့ သူတို့က တိုင်းနဲ့ပြည်နယ် ဟိုဟာလေ ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့်ဆွေးနွေး၊ နောက် လက်နက်ချ ပါတီထောင် ပြီးတော့ ပါလီမန်ထဲ ဝင်ပေါ့။ အဲ့ဒီလို အဆင့်ဆင့် လုပ်ထားတာကိုး။ တိုင်းရင်းသားတွေဘက်ကကျတော့ နိုင်ငံရေးအဖြေတစ်ခုရအောင် အရင်လုပ်ပါ။ လုပ်ပြီးတော့မှ သွားချင်တယ်။ အဲ့ဒီသဘောတွေကို ပြောကြတာပေါ့လေ။”

၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကိစ္စကို မေးမြန်းရာမှာလည်း သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုနေမယ်မှန်း မသိတော့လေ အဲ့ဒါ နည်းနည်းစောမယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ့်ကိစ္စတွေ ပြင်ရဦးမယ်ကိုး။ အစိုးရကလည်း လွှတ်တော်မှာ ပြင်မယ့် ကော်မတီတွေ ဘာတွေ ဖွဲ့ထားတော့ ဘာတွေ ဖြစ်ကြဦးမလဲ မသိဘူး။”

PR လို့ခေါ်တဲ့ အချိုးကျ မဲစံနစ်အပေါ် တိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထားကို မက်ဒလင်း အောဘရိုက် (Madeleine Albright) က မေးတဲ့အခါ တိုင်းရင်းသားပါတီအများစုက သဘောမတူတဲ့အကြောင်း ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“PR စနစ်ကို ဒီက တိုင်းရင်းသားပါတီတွေရဲ့ သဘောထားပေါ့လေ။ အဲ့ဒါလေးလဲ သိချင်တယ်လို့ အဲ့ဒီအပေါ်မှာပဲ ပြောကြပါတယ်။ သူကလည်း အချိန်က သိပ်မရဘူး။ အဓိကကျတာလေးတွေပဲ ပြောလိုက်ရတာ။ PR စနစ်ကိုတော့ သဘောမတူတဲ့သူ များတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ မြန်မာနိုင်ငံကို မေလ ၃၁ ရက်နေ့က ဇွန်လ ၅ ရက်နေ့အထိ အလည်အပတ် ရောက်ရှိနေတာပါ။ မနေ့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာအပြင် တခြား ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) အနေနဲ့ မနက်ဖြန် အင်္ဂါနေ့မှာတော့ ပြည်လမ်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ သူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၅ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်ရောက်လာခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်တုန်းက နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှားရှားပါးပါး တွေ့ဆုံခွင့် ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။