သမ္မတကတော် Michelle Obama အာရှနှစ်နိုင်ငံ ခရီးထွက်

Police officers hold a French flag reading "Angry Policemen" during a demonstration in front of the National Assembly, in Paris, France, Oct. 26, 2016.

အမေရိကန် သမ္မတကတော် Michelle Obama ဟာ ဒီကနေ့ မတ်လ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၅ ရက်တာ အာရှခရီးစဉ်ကို စတင်မှာပါ။ ကမ္ဘာတဝန်း မိန်းကလေး သန်းပေါင်းများစွာ ပညာသင်ခွင့်ရရှိရေး ထောက်ခံအားပေးဖို့ သမ္မတ အိုဘားမား အစိုးရရဲ့အရေးယူ ဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

ဂျပန်နဲ့ ကမ္ဘောဒီယားတို့ကို သွားရောက်မယ့် သူရဲ့ခရီးစဉ်မတိုင်ခင် သမ္မတကတော်က ကမ္ဘာတဝန်း မိန်ကလေးငယ်ပေါင်း ၆၂ သန်း ကျောင်းတက်ခွင့် မရတဲ့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးတခုအဖြစ် ထားရှိမယ်လို့ ပြောဆိုခဲ့ပါတယ်။

မိန်းကလေးငယ် သန်းပေါင်းများစွာတို့ ပညာသင်ခွင့်မရရှိတာဟာ လူ့စွမ်းအားအရင်းအမြစ်ကို အလာဟသ ဖြုန်းတီးရာရောက်တဲ့အပြင် လူထုကျန်းမာရေး အကဲစမ်းမှုတရပ်ဖြစ်ပြီး နိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း ကျဆင်းစေတဲ့အပြင် ကမ္ဘာတဝန်း လုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ သမ္မတကတော်က ပြောခဲ့ပါတယ်။

မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် လှုပ်ရှားမှုကို ဒီလ ၃ ရက်နေ့က စတင်ရာမှာ သမ္မတကတော်က ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်းအဖွဲ့အနေနဲ့ အဓိက ပါဝင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မစ္စစ် အိုဘာမားဟာ ဂျပန်မှာ ပထမရပ်နားတဲ့အခါ ဝန်ကြီးချုပ် Shinzo Abe နဲ့ သူ့ဇနီး Akie တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ အမေရိကန် စေတနာ့ဝန်ထမ်း အဖွဲ့နဲ့အတူ ဂျပန်ပြည်ပပူးပေါင်းဆောင်ရွက်မှု လုပ်အားပေးအဖွဲ့နဲ့လည်း အတူတကွ လက်တွဲ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီယားမှာ မစ္စစ် အိုဘာမားအနေနဲ့ ပွင့်လင်းတဲ့ နိုင်ငံရေးစနစ် လိုအပ်တဲ့အကြောင်းနဲ့ ပီပြင်တဲ့ အစိုးရအုပ်ချုပ်ရေး ရရှိဖို့ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတို့ကို ဦးစားပေး ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မိန်းကလေးငယ်များ ပညာသင်ခွင့် လှုပ်ရှားမှုမှာ ပါဝင်တဲ့ ၁၁ နိုင်ငံထဲ ကမ္ဘောဒီးယားလည်း ပါဝင်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ မစ္စစ် အိုဘာမားဟာ Siem Reap ကို သွားရောက်ပြီး ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ဇနီးနဲ့ တွေ့ဆုံပြီး ကျောင်းသားတွေ၊ လုပ်အားပေးတွေနဲ့ မိန်းကလေးငယ်တို့ ပညာသင်ကြားခွင့် တိုးချဲ့ရေး အစီအစဉ်တွေကြောင်း ဆွေးနွေးမှာဖြစ်ပါတယ်။ သူဟာ ဝါရှင်တန်ကိုမပြန်ခင် Angkor Wat ရှေးဟောင်းစေတီပုထိုးတွေကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။