အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှု ဒေသတွင်း စီးပွားရေး ထိခိုက်နိုင်

အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှု ဒေသတွင်း စီးပွားရေး ထိခိုက်နိုင်

အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက မြောက်ပိုင်းဒေသရဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ဒေသတွင်း စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ပြောဆိုလိုက်ပါတယ်။

IMF ရဲ့ စစ်တမ်းက အရှေ့အလယ်ပိုင်း ဒေသက အစိုးရတွေနဲ့ ကောက်ပိုရေးရှင်းကြီးတွေ အနေနဲ့ ဘဏ်တွေကနေ ငွေချေးရာမှာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်း ဒေသဆိုင်ရာ IMF ညွှန်ကြားရေးမှူး မာဆွတ်ဒ် အာမက်က ပြောဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသက အချုပ်အခြာ အာဏာပိုင်တဲ့ အစိုးရတွေ အနေနဲ့ အကြွေးတွေ ဆပ်နိုင်တယ် ဆိုတာကို အာမခံချက် ပေးနိုင်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးက တနေ့တခြား ကြီးမားလာတယ်လို့ Bloomberg သတင်းက ရေးသားလိုက်ပါတယ်။

ဘာရိမ်းနိုင်ငံမှာ လူထုဆန္ဒပြပွဲ ၄ ရက်မြောက်နေ့မှာ ဘဏ္ဍာရေး ငွေအလွှဲအပြောင်းစရိတ် တက်သွားပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဘဏ်တွေထဲမှာ နံပါတ် ၁၀၈ အဆင့်ရှိတဲ့ ဘာရိမ်းဘဏ် အကြီးအကဲကတော့ လူထုဆန္ဒ ထုတ်ဖော်တာဟာ ဒီမိုကရေစီနည်း ကျတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စိတ်ပူစရာ မရှိပါဘူးလို့ ပြောပါတယ်။

Fitch Ratings ခေါ် ဘဏ္ဍာရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကတော့ ဘာရိမ်းနိုင်ငံရဲ့ ငွေချေးနိုင်တဲ့ အခွင့်အလမ်း ကျဆင်းသွားနိုင်ကြောင်း၊ ဆန္ဒပြပွဲတွေက စီးပွားရေးနဲ့ နိုင်ငံရေး မရေရာမှုတွေကို ဖန်တီးနေကြတယ်လို့ သုံးသပ်ကြောင်း ပြောဆိုလိုက်ပါတယ်။