ဒုသမ္မတ Pence ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံ

ဒုသမ္မတ Pence ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံ

ဂျေရုစလင်ကို အစ္စရေးလ်ရဲ့ မြို့တော် အဖြစ် အမေရိကန် အစိုးရဘက်က အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ စိုးရိမ်မကင်း ဖြစ်မှုကို ဂျော်ဒန် ဘုရင် Abdullah က အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးလ် - ပါလက်စတိုင်း ပဋိပက္ခကို နှစ်နိုင်ငံ တည်ရှိရေးမူ တခုတည်းနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပြီး အရှေ့ဂျေရုစလင်က အနာဂတ် ပါလက်စတိုင်း နိုင်ငံရဲ့ အနာဂတ် ဖြစ်ရမယ်လို့ ဂျော်ဒန် ဘုရင်က အမေရိကန် ဒုတိယ သမ္မတကို ပြောဆိုခဲ့တာပါ။ အမေရိကန် ဒုတိယ သမ္မတရဲ့ လေးရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်မှာ ဒုတိယမြောက် နိုင်ငံ အဖြစ် ဂျော်ဒန်ကို ရောက်ရှိနေတာပါ။ ဒီကနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ဒုသမ္မတ Pence က အစ္စရေးလ်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

မနေ့ စနေနေ့က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမှာတော့ အမေရိကန်တို့ အနေနဲ့ အီဂျစ်နိုင်ငံရဲ့ အကြမ်းဖက် ဝါဒချေမှုန်းရေးကို ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်ကြောင်း ဒုသမ္မတက ကတိပြုခဲ့ပါတယ်။ အကြမ်းဖက် ဝါဒနဲ့ လုံခြုံရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြတဲ့ အီဂျစ် သမ္မတ Abdel –Fattah el-Sissi နဲ့ ဆွေးနွေးပွဲ အပြီးမှာတော့ အမေရိကန် ဒုသမ္မတ Pence က အီဂျစ်နဲ့ ရင်ပေါင်တန်း ရပ်တည်နေတယ်လို့ ပြောဆိုခဲ့တာပါ။

အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်း ဒေသမှာ အစ္စလာမ္မစ် အစွန်းရောက် IS တွေရဲ့ တိုက်ခိုက်မှုတွေ အပါအဝင် အီဂျစ်နိုင်ငံမှာ လုံခြုံရေးဆိုင်ရာ ပြသနာကြီးတွေ ရှိနေတာ ဖြစ်ပါတယ်။ အခု ဒုတိယ သမ္မတ Pence ရဲ့ အီဂျစ်နိုင်ငံ ခရီးစဉ်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျေရုစလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော် အဖြစ် အမေရိကန် သမ္မတ Donald Trump က ကြေညာခဲ့ပြီးနောက်ပိုင်း အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး တာဝန်ရှိသူ တဦးရဲ့ ဒေသတွင်းကို သွားရောက်တာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်း ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့တော့ အမေရိကန် ဒုတိယ သမ္မတ တွေ့ဆုံဖို့ မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

Your browser doesn’t support HTML5

ဒုသမ္မတ Pence ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံ