ရိုဟင်ဂျာနှိပ်ကွပ်မှု ကျူးလွန်သူအရေးယူဖို့ ကန်ဝန်ကြီး Pompeo တိုက်တွန်း

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ အရေး ယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အမေရိ ကန်က ထောက်ခံတယ်ဆိုတာ အထူးပြောဆိုချိန်မှာပဲ အမေရိကန်ရဲ့အစီရင်ခံစာနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့တို့ ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုှုတွေကို စုံစမ်းစစ်ဆေးဖို့၊ အဲဒီလုပ်ရပ်တွေကို ကျူးလွန်တဲ့ လုံခြုံ ရေးတပ်ဖွဲ့တွေနဲ့ တခြားလူတွေကို အရေးယူဖို့ အခိုင်အမာလုပ်ဆောင်ပါလို့ မြန်မာအစိုးရကို ဝန်ကြီးက တိုက်တွန်းပါတယ်” လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “အကျဉ်းချခံထားရတဲ့ ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ကို ချက်ခြင်း ပြန်လွှတ်ပေးပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခိုင်မာအားကောင်းစေဖို့နဲ့ အကာအကွယ်ပေးဖို့လည်း ဝန်ကြီးက တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ စက်တင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က နယူးယောက်မှာ တွေ့ဆုံချိန်တုန်းကလည်း ရိုက်တာသတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ဝန်ကြီး Pompeo က တိုက်တွန်း ပြောဆိုခဲ့ပါသေးတယ်။ ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ညနေစောင်းကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာနှိပ်ကွပ်မှု ကျူးလွန်သူအရေးယူဖို့ ကန်ဝန်ကြီး Pompeo တိုက်တွန်း