Mike Tyson ကို Jake Paul အနိုင်ရ

Mike Tyson နဲ့ Jake Paul လက်ဝှေ့ပွဲ

ကမ္ဘာကျော် Heavy Weigh လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson နဲ့ YouTube ပေါ်မှာ ဗွီဒီယိုတွေ တင်ဆက်ပြီး နာမည်ကြီးတဲ့ YouTuber ကနေ လက်ဝှေ့သမား ဖြစ်လာသူ Jake Paul တို့ သောကြာနေ့ညက ယှဉ်ပြိုင်ထိုးသတ်ကြတာမှာ ၈ ချီထိုးအပြီး Jake Paul က အနိုင်ရသွားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်မှာ ပြုလုပ်တဲ့ လက်ဝှေ့ပွဲမှာ ၂ မိနစ် Round ၈ ချီထိုးအပြီးမှာ ဒိုင်လူကြီး အားလုံးက Jake Paul ကို အမှတ်နဲ့ အပြတ်အသတ် အနိုင်ပေးလိုက်ကြတာ ဖြစ်ပါတယ်။ ဒီ လက်ဝှေ့ပွဲ မတိုင်ခင်က သူ့အနေနဲ့ ဒူးမှာ ဒဏ်ရာရထားခဲ့ပေမယ့် အဲဒီဒဏ်ရာကြောင့် ရှုံးတယ်လို့ သူ့အနေနဲ့ ဆင်ခြေမပေးလိုကြောင်း Mike Tyson က ပြောပါတယ်။ Mike Tyson ကို အနိုင်ရလိုက်ပြီးတဲ့နောက် သူ့အတွက် အခွင့်အလမ်းတွေ အများကြီး ပွင့်လာတဲ့အကြောင်း Jake Paul က ပြောပါတယ်။

တချိန်က Heavy Weight တန်းမှာ ပြိုင်ဘက်အများအပြားကို အလဲထိုးပြီး အနိုင်ရခဲ့တဲ့ Mike Tyson ဟာ အခုချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်တဲ့အပြင် လက်ဝှေ့လောကနေ အနားယူထားတာလည်း နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့ သောကြာနေ့က Texas ပြည်နယ်၊ Arlington မြို့က ပရိတ်သတ် ၇ သောင်းဆန့်တဲ့ အားကစားရုံကြီးမှာပြုလုပ်တဲ့ လက်ဝှေ့ပွဲမှာ ပရိတ်သတ်အပြည့် လာရောက်အားပေး ကြည့်ရှုခဲ့တဲ့အပြင် ဒီပွဲကို စီစဉ်ကျင်းပတဲ့ Netflix ရဲ့ အွန်လိုင်းကနေတိုက်ရိုက်ကြည့်နိုင်တဲ့ ဝန်ဆောင်မှုကနေလည်း ပရိတ်သတ် သန်း ၁၂၀ လောက် ကြည့်ရှုခဲ့တယ်လို့ Jake Paul က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အခုပွဲအပါအဝင် စုစုပေါင်း ပွဲပေါင်း ၁၁ ပွဲသာ ကစားခဲ့ဖူးတဲ့ Jake Paul ဟာ ၇ ပွဲကို အလဲထိုးအနိုင်ရပြီး၊ တပွဲသာ ရှုံးခဲ့ဘူးတာကြောင့် လက်ဝှေ့သက်တမ်းနုတယ်လို့ ပြောလို့ရပါတယ်။ ပွဲပေါင်း ၅၀ ထိုးခဲ့ဖူးပြီး ၇ ပွဲသာ ရှုံးခဲ့ဘူးတဲ့အပြင် ပြိုင်ဘက်ကို ၄၄ ကြိမ် အလဲထိုးနိုင်ခဲ့သူ လက်ဝှေ့အကျော်အမော် Mike Tyson ကို သူ အနိုင်ရလိုက်ပေမယ့် Mike Tyson ဟာ သူ အထင်ကြီး လေးစားရသူ တဦးဖြစ်တဲ့အပြင် လက်ဝှေ့လောကမှာ အကောင်းဆုံး၊ အတော်ဆုံးလူတဦး ဖြစ်တယ်ဆိုတာကို သူ့အနေနဲ့ အသိအမှတ်ပြုကြောင်း ပြိုင်ပွဲအပြီးမှာ Jake Paul ပရိတ်သတ်ကို ပြောကြားခဲ့ပါတယ်။

အခုပွဲမှာ Mike Tyson ရှုံးသွားပေမဲ့ ဒေါ်လာသန်း ၂၀ ဝန်းကျင်လောက် ရလိမ့်မယ်လို့ လက်ဝှေ့လောကက အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ Jake Paul ကတော့ သူအနိုင်ရရင် ဒေါ်လာသန်း ၄၀ လောက်ရမှာ ဖြစ်တယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။