စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝေဖန်

NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေရဲ့ ၂ ရက်ကြာ အွန်လိုင်းအစည်းအဝေး

Zawgyi/unicode

စစ်ကောင်စီဘက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း ကြေညာချက် ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေတဲ့ မသင့်လျော်တဲ့လုပ်ရပ်ဖြစ်ကြောင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အာဆီယံရဲ့ အထူူးသံတမန်ခန့်အပ်မှုကို ကြိုဆိုကြောင်းလည်း NCAလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ အစည်းအဝေးအပြီး အခုလိုသဘောထားထုတ်ပြန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ပါ တောင်းဆိုလိုက်တဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်တွေစုဝေးပြီး ၂၀၂၁ခုနှစ် သြဂုတ်လ (၄) ရက်နဲ့ (၅) ရက်နေ့ နှစ်ရက်ဆက် စည်းဝေးကျင်းပခဲ့ကြပြီး နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အထွေအထွေအကျပ်အတည်းတွေနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ်လ (၅) ရက်နေ့မှာ သဘောထားသုံးရပ် ထုတ်ပြန်လိုက်ပါတယ်။ အဓိက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း စစ်ကောင်စီဘက်က ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နောက်ပြန်ဆုတ်စေတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တိုက်တွန်းလိုက်တဲ့အကြောင်း PNLO ရဲ့ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်ကြောင်း ကြေညာတယ်။ ပယ်ဖျက်ပစ်တာပေါ့လေ စစ်ကောင်စီကနေပြီး။ ကျနော်တို့အနေနဲ့ ဒါဟာ မသင့်တော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဒါကို ကျနော်တို့က ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တိုင်းပြည်ရဲ့ တိုးတက်မှုဖြစ်စဉ် ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ တိုးတက်မှုဖြစ်စဉ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ကျနော်တို့ ရှုမြင်ခဲ့ကြတယ်။ ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့အကြောင်း အဲ့တာကိုလည်း ကျနော်တို့အနေနဲ့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တဲ့လုပ်ရပ်ကိုကျနော်တို့က ကန့်ကွက်တာဖြစ်ပါတယ်။ နောက်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကြီးစွာသော အဟန့်အတားဖြစ်တယ် တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးဘောင်ကို ကျဉ်းသထက် ကျဉ်းသွားပြီးတော့ စစ်ရေးဘောင်တွေကို ကျယ်သထက် ကျယ်လာမှာကို ကျနော်တို့ စိုးရိမ်တဲ့အတွက် ဒါကို ထုတ်ပြန်တာဖြစ်ပါတယ်။”

စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ အဖမ်းဆီးထိန်းသိမ်းခံရပြီး ဥပဒေပုဒ်မမျိုးစုံနဲ့တရားစွဲဆိုခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ CDM ဝန်ထမ်းတွေအပါအဝင် အထိန်းသိမ်းခံပြည်သူတွေအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေပူးပေါင်းထားတဲ့ PPST အဖွဲ့က တောင်းဆိုတဲ့အကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးခွန်မြင့်ထွန်းကပြောပါတယ်။

“အထူးအားဖြင့်တော့ အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွှတ်ဖို့ပါတယ်။ အဲ့ဒီ့လို လွှတ်ခြင်းအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ CDM ဝန်ထမ်းတွေ ဒီနွေဦးတော်လှန်ရေးကာလတလျောက်လုံး ဖမ်းဆီးထိန်းသိမ်းထားသူတွေ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ အကုန်လုံးကို အမြန်ဆုံးလွှတ်ပေးဖို့လိုတယ်။ ပြီးရင် ဒီနေ့ဖြစ်နေတဲ့ စစ်ရေး နိုင်ငံရေးအကျပ်အတည်းတွေကို စစ်ကောင်စီအနေနဲ့ကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းပဲနဲ့ ဒီလိုနည်းမျိုးတွေနဲ့ အင်အားသုံးဖြေရှင်းခဲ့တယ် ထပ်မံပြီးတော့မှ ဒီလိုနည်းလမ်းတွေနဲ့ ထပ်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ အင်မတန်စိုးရိမ်စရာအခြေအနေပါ”

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက်(၅)ချက်ပါ အချက်ထဲက တခုဖြစ်တဲ့ အာဆီယံရဲ့အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်တဲ့အပေါ်ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုကို NCA လက်နက်ကိုင်အဖွဲ့တွေဘက်က သဘောထားထုတ်ပြန်ပါတယ်။

“နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုတွေနဲ့ပတ်သက်ပြီး ကျနော်တို့ကြေညာချက်မှာ အထူးပြုပြီး ဖော်ပြတာကနိုင်ငံတကာရဲ့ကြားဝင်စေ့စပ်မှုတွေကို ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေတွေနဲ့ လိုက်လျောညီထွေအောင် ကြိုးပမ်းဆောင်ရွက်ပေးသွားပါလို့ ကျနော်တို့ တိုက်တွန်းပြောဆိုထားတာရှိပါတယ်။ ဒီ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ကျနော်တို့တိုင်းပြည်ရဲ့ပြဿနာကို ဒီလိုကြားဝင်စေ့စပ်ပေးတာကို ကျနော်တို့ကြိုဆိုတယ်။ သို့သော်လည်းပဲ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမပါဝင်ခဲ့ဘူး။ အဲ့တာကြောင့် လက်တွေ့ကျတဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်၁၉ တတိယလှိုင်းတကျော့ပြန်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန် နိုင်ငံရေးအမြတ်ထုတ်မှုတွေမပါပဲ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှု့ပြီး ကပ်ရောဂါထိန်းချုပ် ကာကွယ်ကုသရေးဆိုင်ရာ အထောက်အကူအပြုပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေ တိုင်းရင်းသားပြည်သူတွေလက်ထဲ အမြန်ဆုံးရောက်စေဖို့ နယ်စပ်ဖြတ်ကျော်သယ်ဆောင်နိုင်ရေးအပါအဝင် နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးရနိုင်ရေး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဒီကနေ့ ကြေညာချက်သဘောထားထုတ်ပြန်လိုက်ပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝေဖန်


=====

unicode










#KunMyintHtun#MyanmarMilitaryCoup#NCA#SuuKyi#WinMyint#VOABurmese