စစ်တပ်သိမ်း ကျောက်ဖြူ မြေဧက ၁၂၀၀ မူလပိုင်ရှင်ထံ ပြန်အပ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ လယ်ယာမြေများ

စစ်တပ်နေရာတိုးချဲ့ရေးနဲ့တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ သိမ်းဆည်း ထားပြီး အသုံးမလိုတော့တဲ့ လယ်ယာမြေဧက(၁၂၀၀)ကျော်ကို ပထမဆုံးအကြိမ်ဒေသခံ လယ်ပိုင်ရှင်တွေကိုပြန်လည် ပေးအပ်ခဲ့ ပါတယ်။ ဒါပေမယ့် ပြန်လည်ပေးအပ်တဲ့ လယ်ယာမြေတွေဟာ ငါး ပုဇွန်မွေးမြူရေးနေရာဟောင်းတွေသာဖြစ်ပြီး လယ်ယာပြန်လည် လုပ်ကိုင်ဖို့ဖြစ်နိုင်ချေ နည်းပါးတယ်လို့လဲ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကနေထောက်ပြပြောဆိုနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်ကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက(၁၂၀၀)ကျော်ကို မနေ့က မူလ လယ်ပိုင်ရှင်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ပြန်ကြားရေးဌာနအရာရှိ တဦးကပြောပါတယ်။

“မနေ့ကပေါ့နော် အမှတ်(၅၄၃) ကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ကို ဒေသခံ ကျေးလက် တောင်သူတွေဆီကို တပိုင်တနိုင်ပြန်လည်လုပ်ပိုင်နိုင်ခွင့် ခွင့်ပြုမိန့်လက်မှတ်တွေကို ပြန်လည်ပေးတာခင်ဗျ။ မူလပိုင်ရှင်ကိုပဲပြန်ပေးတာပါ။”

အမှတ်(၅၄၃) (၅၄၂)တပ်ရင်းကနေ ပထမဆုံးအကြိမ် လယ်ယာမြေလွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ကျောက်ဖြူမြို့ နယ်မှာ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့အစိုးရအဖွဲ့နှင့် မူလလယ်ပိုင်ရှင် ၄၀ ဦးခန့်က တက်ရောက်ခဲ့ ပါတယ်။

လွှဲပြောင်းပေးအပ်တဲ့သိမ်းဆည်းခံမြေတွေဟာ ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ အုန်းတော မီးချောင်းရေသောက် သဲချောင်း တောင် ညို ပန်းတောင်ပြင် မင်းတက်တောင် ကျွန်းတောအစရှိတဲ့ကျေးရွာအုပ်စုကဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကနေ အသုံးပြုဖို့ မလို အပ်တော့လို့ စွန့်လွှတ်ကြောင်း ဇူလိုင်လ(၂၇)ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုပြန်လည်ပေးအပ်ခဲ့တာပါ။

ဒါပေမဲ့ ဒီလိုလွှဲပြောင်းပေးအပ်တဲ့မြေအများစုဟာ ငါး၊ပုဇွန်ကန်တွေဖြစ်ကြပြီး လယ်ယာလုပ်ကိုင်လို့မရတော့ဘူးလို့ ရခိုင်အမျိုးသား ပါတီက ကျောက်ဖြူမြို့ နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

“စွန့်လွှတ်တဲ့လယ်မြေတွေက ၁၂၀၃ ဧက သို့သော် အဲဒီလယ်တွေဟာ လယ်သမားတွေ လုပ်ကိုင်စားသောက်လို့မရတော့တဲ့ လယ်တွေဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်က သိမ်းလိုက်တယ် နောက် သိမ်းပြီးသွားရင် ပုဇွန်မွေးမြူရေးကန်တွေလုပ်လိုက်တယ် အဲဒီကန်တွေကိုလေ ပုဇွန်ကန်တွေလုပ်လိုက်တော့ အဲဒီကန်တွေက အခုက နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ ကျိုးပေါက်သွားတာတွေဖြစ် သွားတယ်။ ကျိုးပေါက်သွားတဲ့လယ်တွေကို ပြန်ပြီးပေးတာတွေရှိတယ်။ ရေတွေဝင်နေတော့ လယ်ယာလည်း စိုက်ပျိုးလို့မရတော့ဘူး အဲဒီလယ်တွေဟာ။ လူသမားတွေကိုတော့ ပေးတော့ပေးတယ် ဒါပေမယ့် အသုံးချလို့ရမှာက နည်းတယ်ဆိုပြီး ကျနော်တို့ဆီကို သတင်းတွေပို့ထားတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်းမှာ ၁၉၉၂ခုနှစ်ကစလို့ စစ်တပ်အပါအဝင် ကုမ္ပဏီတွေ ဌာနဆိုင်ရာတွေကနေ ဒေသခံတွေရဲ့လယ်ယာခြံမြေ တွေကို အဖွဲ့ပိုင်အဖြစ်သိမ်းဆည်းခဲ့တဲ့အခြေအနေကိုတော့ ဦးစံဖိုးကအခုလိုပြောပါတယ်။

“ဧက ၃ သောင်းထက်တော့ပိုနေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဟိုဘက်စာရင်းတွေက အခုမှ လိုက်ပြီးရှာနေရပါတယ်။ တောင်ကုတ်တို့၊ ဂွတို့ သံတွဲတို့မှာဆိုရင် အများကြီးပါ။”

ရခိုင်ပြည်နယ်တခုလုံးအတိုင်းအတာအနေနဲ့ လယ်ယာခြံမြေဧကပေါင်း (၃၀၀၀၀)ကျော် အသိမ်းဆည်းခံထားရတယ်လို့လဲ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန်ရဲ့အစိုးရသက်တမ်းနောက်ဆုံးနှစ်တွေမှာ စစ်တပ်ဘက်ကရော စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကရော အစိုးရစီမံကိန်းအတွက်သိမ်းဆည်းထားတဲ့ ဒေသခံပြည်သူတွေရဲ့လယ်ယာခြံမြေတွေကို အထိုက်အလျှောက်ပြန်လည် ပေး ဆောင်ဖို့ ကော်မီတီဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့်အသုံးမလိုတဲ့သိမ်းဆည်းလယ်ယာမြေတွေပြန်လည်ပေးဆောင်မှုအနေအထားကအလွန်တရာမှနည်းပါးနေပြီး အားရစရာ အခြေအနေမရှိသေးဘူးလို့လဲ လယ်ယာမြေအရေးလှုပ်ရှားသူ ND-Burma အဖွဲ့ဝင် စိုင်းခေးဆိုင်ကပြောပါတယ်။

“ပြန်ရတဲ့လယ်မြေက နည်းနည်းပဲရှိတယ်ခင်ဗျ။ ကျနော်သိရသလောက်ဆိုရင် ဧရာဝတီတိုင်းကဆိုရင် ဧက ရာတောင်မပြည့်ဘူးခင်ဗျ။ ရှမ်းပြည်နယ်မှာဆိုရင် ပြန်ပေးတာတော့ တွေ့ရတယ် ဒါပေမယ့် ဧကနည်းနည်းပဲ ပြန်ပေးတာတွေ့ရတယ်။ ဒါကြောင့်မို့လို့ အဲဒီကော်မတီဖြစ်လာတာက ဘယ်လောက်ပြန်ပေးတယ် ဆိုတာက သေသေချာချာ တိတိကျကျ ကျနော်တို့မတွေ့ပါဘူး။ နောက်ပြီးတော့ စုံစမ်းစစ်ဆေးတာလည်း ကျနော်တို့ မတွေ့ရသလောက်ပါပဲခင်ဗျ။”

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ် ကစပြီး စစ်တပ်အခြေစိုက်စခမ်းတိုးချဲ့လာမှု နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအရ ပြည်တွင်းပြည်ပ စီးပွါးရေး ကုမ္ပဏီတွေ ဌာနဆိုင်ရာတွေကနေ ဒေသခံတွေရဲ့လယ်ယာခြံမြေတွေ စုစုပေါင်း ဧက(၅)သိန်း ကျော် သိမ်းဆည်းခဲ့တယ်လို့ လယ်ယာမြေအရေး လှုပ်ရှားသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

Your browser doesn’t support HTML5

စစ်တပ်သိမ်း ကျောက်ဖြူ မြေဧက ၁၂၀၀ မူလပိုင်ရှင်ထံ ပြန်အပ်