မြန်မာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အစီအစဉ်တကျ နှိမ်နင်းခဲ့ကြောင်း အစီရင်ခံစာသစ်တခုဖွင့်ချ 

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း အစောပိုင်း ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ဦးခေါင်းကိုအပစ်ခံရပြီး သေဆုံးခဲ့ရသူ မြသွဲ့သွဲ့ခိုင်။ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

မြန်မာစစ်တပ်ဟာ မနှစ်က အာဏာသိမ်းပြီး နောက်တနေ့မှာပဲ မြို့ပြစစ်ဆင်ရေးတွေနဲ့ တပ်ဖွဲ့တွေ ချထားရေး၊ လက်နက်မဲ့ ပြည်သူတွေကို အသက်သေစေနိုင်တဲ့ လက်နက်တွေ အသုံးပြု ချေမှုန်းရေးတို့နဲ့ဆိုင်တဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စီစဉ် ချမှတ်ပေးခဲ့တယ်လို့ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။

လူထုကြား အကြောက်တရားဝင်လာအောင် စနိုက်ပါသမားတွေနဲ့ ပစ်ခတ်တာ၊ စစ်ပွဲတွေမှာ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်း စည်းကမ်းတွေမပါတဲ့ ညွန်ကြားချက်တွေ စစ်သားတွေကိုထုတ်ပေးပြီး မြန်မာစစ်ခေါင်းဆောင်တွေက ရာဇဝတ်မှုတွေကို ကျူးလွန်ခိုင်းခဲ့တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့နဲ့ အမေရိကန်၊ Yale တက္ကသိုလ် ဥပဒေဌာနတို့က ပူးတွဲပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ စာမျက်နှာ ၁၉၃ မျက်နှာပါ အစီရင်ခံစာကို မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး ၆ လ အကြာမှာ လျှို့ဝှက် ပေါက်ကြားလာတဲ့ အထောက်အထားတွေအပါအဝင် သက်ရှင်ကျန်ရစ်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မျက်မြင်သက်သေတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေ စသည်ဖြင့် ထွက်ဆိုချက်ပေါင်း ၁၂၈ ခုတို့အပေါ် အခြေခံပြီး ပြုစုထားတာလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေနဲ့ NLD ပါတီဝင်တွေကို လုပ်ကြံဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို ညွန်ကြားထားတဲ့ စာရွက်စာတမ်း၊ အထောက်အထားတွေကို လက်ခံရရှိခဲ့သလို အတည်ပြုထားတာတွေနဲ့ ကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ရခဲ့တယ်လို့ Fortify Rights အဖွဲ့နဲ့ Yale တက္ကသိုလ်တို့က ပြောပါတယ်။

အဲဒီပြစ်မှုတွေ ကျူးလွန်ခဲ့သူတွေကို ဒဏ်ခတ်အရေးယူပြီး တရားစွဲဆိုသင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်၊ ဒီအစီရင်ခံစာကို ပူးတွဲရေးသားသူလည်းဖြစ်တဲ့ Matthew Smith က ပြောပါတယ်။

ဘယ်နေရာမှ လုံခြုံမှုမရှိဘူးလို့ ဆိုရမယ့် “Nowhere is Safe” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိကြီး ၆၁ ယောက်ရဲ့ အမည်စာရင်းကို ဖော်ပြထားပြီး သူတို့ ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တယ်လို့ အစီရင်ခံစာကို ပြုစုသူတွေက အကြံပြုထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုပြီး သီတင်းတပတ်အကြာမှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာပါ။

Your browser doesn’t support HTML5

မြန်မာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အစီအစဉ်တကျ နှိမ်နင်းခဲ့ကြောင်း အစီရင်ခံစာသစ်တခုဖွင့်ချ

================

[[Unicode]]









================