CDF နဲ့စစ်ကောင်စီ ဟားခါးနဲ့ထန်တလန်ကြား တိုက်ပွဲဖြစ်

စစ်ပွဲတွေရပ်ဖို့ တောင်းဆိုကြတဲ့ ဟားခါးမြို့သူမြို့သားများ (The Hakha Post)

Zawgyi/Unicode

ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်မြို့အကြားမှာ မြန်မာစစ်တပ်နဲ့ထန်တလန် CDF တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဘက်အဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့မင်းတပ်မြို့နယ်မှာလည်း ဆန်ရိက္ခာတင်သွင်းခွင့်ကို အာဏာပိုင်တွေက ကန့်သတ်ထားပြီး စစ်ဘေးရှောင်တွေအတွက် စားသောက်ရေးနဲ့ကျန်းမာရေးတွေမှာ အခက်တွေ့နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်ဘက်မှာ ဒေသခံ ထန်တလန်ကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြား မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့တာမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်လို့ ထန်တလန် CDF တာဝန်ရှိသူတဦးဖြစ်တဲ့ ရော်မျိုးရမ်က ပြောပါတယ်။

“မနေ့ကပဲ (၁၀) နာရီခွဲ ဝန်းကျင်လောက်ကနဲ့ (၁၂) နာရီ ကြားပေါ့နော် မနက်ပိုင်း။ဒီထန်တလန်နဲ့ဟားခါးကြားမှာပဲ။ ထန်တလန်ဘက် ရောက်တာပေါ့နော်။ ပစ်ခတ်တာပေါ့နော်။ အဲတာနဲ့တိုက်ခိုက်တဲ့အတောအတွင်းမှာပေါ့နော်။ (၅) ယောက်ထက်မကပေါ့နော် သူတို့က ကျဆုံးတယ်လို့ ကျနော်တို့သိရတယ်။သူတို့ကလူအင်အားအရမ်းများတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်ဆိုတော့ကျနော်တို့က ဆုတ်ပေးတယ်ပေါ့နော်။”

မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၅) ဦးကျဆုံးတယ်လို့ CDF ထန်တလန်အဖွဲ့က သတင်းထုတ်ပြန်ထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်တွေကနေ ထန်တလန်မြို့အတွင်းဝင်ရောက်တပ်စွဲထားသလို ပြည်သူတွေအနေနဲ့ မြို့အဝင်အထွက် သွားလာကြရာမှာ သတိထားကြဖို့ CDF ထန်တလန်အဖွဲ့ကနေ တိုက်တွန်းထားပါတယ်။

မနေ့က ထန်တလန်မြို့နယ်အတွင်းတိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က အခုလိုပြောပါတယ်။

"မနေ့ကတော့ ထန်တလန်ရဲ့အရှေ့တောင်ဘက်မှာ ညနေ (၃) နာရီခွဲလောက်ကနေ (၃) နာရီ (၄၀) အထိပေါ့၊ အဲဒီလောက်မှာ တိုက်ပွဲဖြစ် ပွါးတာ ရှိပါတယ်။ ဒီဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ဟိုကတော့ ကျနော်တို့လက်နက်ရယ်ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတချို့ ရလိုက်တာရှိပါတယ်။"

ဇွန်လနဲ့သြဂုတ်အတွင်း CDF ထန်တလန်အဖွဲ့နဲ့စစ်ကောင်စီတပ်အကြားတိုက်ပွဲ (၅) ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ မင်းတပ် မြို့နယ်မှာလည်း ဆန်ရိက္ခာတင်သွင်းခွင့်ကို ဒေသခံအာဏာပိုင်တွေက ကန့်သတ်ထားတာကြောင့် စစ်ရှောင်တွေအပါအဝင် ဒေသခံတွေ အခက်အခဲရှိနေတယ်လို့ မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မီတီဝင်တဦးက ပြောပါတယ်။

“စားနပ်ရိက္ခာက စကစဘက်က ကျနော်တို့ထောက်ပို့ရေးမှာ အဟန့်အတားအများကြီးလုပ်တယ်။ ဆန်အိတ် အများကြီးပါတယ်ဆို ဖမ်းတယ်။ ပစ္စည်းပါရင်ဖမ်းတယ်။ အခုက ကျနော်တို့ထောက်ပို့လမ်းကြောင်း အဓိကရှိတဲ့နေရာဝန်းကျင်ဘက် စစ်ဖြစ်နေတယ်။ စစ်ဖြစ်နေတော့ ကျနော်တို့ ရိက္ခာထပ်ပြီးတော့ သယ်ယူပို့နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။”

မင်းတပ်မြို့နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို မကွေးတိုင်းဒေသကြီးကနေ တင်ပို့ရတာဖြစ်ပြီး လက်ရှိလူ (၁၀) ယောက်ကို ဆန်တအိတ်နှုန်းနဲ့သာ ကန့်သတ် တင်သွင်းနေရပါတယ်။ ဒီလိုတင်သွင်းရာမှာလည်း အဆင့်ဆင်သယ်ပို့နေရတာကြောင့် ဆန်ဈေးတွေ မြင့်တက်နေတယ်လို့ သူကဆိုပါတယ်။

မင်းတပ်မြို့နယ်မှာ ဆန်ရိက္ခာတင်သွင်းခွင့်ကို စစ်ကောင်စီတပ်ဘက်ကနေ ကန့်သတ်ထားတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

"မင်းတပ်ဘက်မှာတော့ ကျနော်တို့ လိုအပ်တဲ့စစ်ဆေးမှု ဆောင်ရွက်တာတော့ရှိတာပေါ့။ မင်းတပ်ဘက်မှာလည်း သူက အကြမ်းဖက် ဆောင်ရွက်မှုတွေ ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့စစ်ဆေးတာတော့ရှိပါတယ်။ စားနပ် ရိက္ခာဖြတ်တောက်မှု မရှိပါဘူး။ စားနပ်ရိက္ခာနဲ့ပက်သက်ပြီး လိုအပ်တဲ့စစ်ဆေးမှုတော့ဆောင်ရွက်တာရှိပါတယ်။"

ပြီးခဲ့တဲ့သြဂုတ်လ (၁၅) ရက်နဲ့ (၁၆) ရက်နေ့မှာ မင်းတပ်နဲ့မတူပီကြားမှာ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ကြား တိုက်ပွဲ စတင် ဖြစ်ပွားလာခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အတွင်း မင်းတပ်မြို့ပေါ်နဲ့ကျေးရွာကရွာသားသောင်းချီစစ်ဘေးတိမ်းရှောင်နေရသလို ကျန်းမာရေး ဆေးဝါး အကူညီလိုအပ်ချက်ကြောင့် စစ်ဘေးရှောင်တချို့ သေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မီတီဝင်က ပြောပါတယ်။

“တိုက်ပွဲရဲ့သဘောသဘာဝအရ နှစ်ဖက်က အကျဆုံးရှိနိုင်တယ်။ ဒါကိုကျနော်တို့လက်ခံလို့ ရတယ်။ ဒါပေမဲ့ စစ်ရှောင်ရင်းနဲ့ သေဆုံးသွားတဲ့ အဖြစ်အပျက်ကလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ (၃၀) လောက်ရှိလာတယ်။ ကျနော်တို့မှာ တချို့ကနာတာရှည်ရောဂါပါလာတယ်။ တချို့ကတော့လည်း ကလေးလေးတွေပေါ့နော်၊စစ်ရှောင်ရင်းနဲ့ မိုးမိလို့၊ အအေးမိလို့ ဆုံးသွားတယ်။ တချို့ကလည်း မီးတွင်းထဲမှာ ဆုံးသွား တယ်။ စစ်ရှောင်ရင်းနဲ့ အတက်ရောဂါရှိတဲ့ကောင်လေးတယောက်က ချောက်ထဲပြုတ်ကျပြီးဆုံးသွားတယ်။ ဆိုတော့စိုးရိမ်တာက ထပ်ပြီး တိုးမလာဖို့ပေါ့နော်။ကျနော်တို့မှာက အဓိကက ဆေးဝါးနဲ့ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်ရှိမယ်ဆိုရင်တော့ တော်တော် များများကို အသက်ကယ်နိုင်ပါလိမ့်မယ်ခင်ဗျ။”

ဒီလိုစစ်ဘေးရှောင်တွေအပါအဝင် ချင်းပြည်နယ်ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကို အစိုးရအနေနဲ့ တာဝန်ယူ ကူညီ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မီတီဝင်တွေက တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

CDF နဲ့စစ်ကောင်စီ ဟားခါးနဲ့ထန်တလန်ကြား တိုက်ပွဲဖြစ်


========

Unicode

















