သတ္တုတူးဖေါ်ရေးကဏ္ဍ ပြဿနာများ အပိုင်း (၁)

ရွှေသတ္တုတူးဖေါ်ရေး

မြန်မာနိုင်ငံရဲ့ သတ္တုတူးဖေါ်ရေးကဏ္ဍ ဆုတ်ယုတ်နေတာ ဘယ်အချိန်က စခဲ့ပါလဲ။ ဘာ့ကြောင့်ပါလဲ။ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်က ဘူမိဗေဒ ပညာရှင် ဦးအေးလွင်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

Your browser doesn’t support HTML5

သတ္တုတူးဖေါ်ရေးကဏ္ဍ ပြဿနာများ အပိုင်း (၁)

သတ္တုမိုင်းတခု ကို တူးဖေါ်ဖို့ မလုပ်ခင် ore reserve လို့ခေါ်တဲ့ သတ္တုပမာဏ ဘယ်လောက်ရှိနိုင်တယ် ဆိုတာကစပြီး သတ္တုသိုက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အရင်တွက်ချက်ရပါတယ်။ အလားအလာ Feasibility ကောင်းတယ် ဆိုရင် သတ္တုသိုက်ကို တူးဖေါ်မယ့် တွင်းဒီဇိုင်းနဲ့ Mining Plan ဘယ်လိုတူးမယ် ဆိုတာတွေကိုပါ သေသေချာချာ ရေးဆွဲထားရတာပါ။ မြန်မာနိုင်ငံဟာ ဒီလိုစံနစ်တကျ တွက်ချက်တူးဖေါ်တဲ့ နံမယ်ကြီး ဘော်တွင်း၊ မော်ချီးတို့လို ကမ္ဘာ့နံမယ်ကြီး သတ္တုမိုင်းတွေရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပေမယ့် သတ္တုကဏ္ဍဟာ အခုအခါမှာ ဆုတ်ယုတ်နေတာပါ။ ဒီလို ဆုတ်ယုတ်တာကလည်း အခုမှဖြစ်လာတာတော့ မဟုတ်ဖူးလို့ ဦးအေးလွင်က ပြောပါတယ်။

ဦးအေးလွင်။ ။“သတ္တုကဏ္ဍဟာ ကျန်ခဲ့တဲ့အစိုးရ နောက်ဆုံးကာလ မှာကတည်းက သတ္တုကဏ္ဍက အားနဲတဲ့ ဥပဒေတွေ အားနဲတဲ့ စီမံခန့်ခွဲမှုတွေကြောင့် တရားမဝင် လုပ်ငန်းတွေ ပိုမိုများပြားလာတယ်။ တရားဝင် လုပ်တဲ့ လူတွေနဲ့ ဒေသခံ ပြည်သူတွေ အကြားနားလည်မှု လွဲမှားအောင် သတင်းလွှင့်တာတွေ မလိုလားအပ်တဲ့ အခွင့်အရေးတွေ တောင်းတဲ့ အလေ့အထတွေ ပေါ်လာတယ်။ အဲဒီကာလမှာ အဲဒီခေတ်က ရှိတဲ့ သတ္တုတွင်း ဝန်ကြီးဌာနကလည်း သတ္တုတွင်း လုပ်ငန်းရှင်တွေ အပေါ်မှာ အာမခံချက် - ရှေ့ကနေ အကာကွယ်ပေးဖို့ အားနဲခဲ့ပါတယ်။”

သတ္တုလုပ်ငန်း တူးဖေါ်ရေးမှာ ကန်ထရိုက် လုပ်ငန်းရှင်တွေအတွက် အစိုးရဘက်က အကာကွယ်ပေးမှုကလည်း လုပ်ငန်းတိုးတက်မှုအတွက် အရေးပါပါတယ်။ မြန်မာနိုင်ငံမှာ သတ္တုလုပ်ငန်းအပြင် တခြားသယံဇာတတွေ ဖြစ်တဲ့ ရေနံ- သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နဲ့ သစ်လုပ်ငန်းလို လုပ်ငန်းတွေ အများအပြားရှိနေပေမယ့် သတ္တုကဏ္ဍမှာ Protection Share Contract လို့ခေါ်တဲ့ အကာကွယ်ပေးမှုဟာ အတော်နဲနေတယ်လို့ ပြောပါတယ်။

ဦးအေးလွင်။ ။“ရေနံဆိုရင် ကုန်းတွင်းပိုင်းမှာလည်း လုပ်တယ်။ ပင်လယ်ထဲမှာလည်း လုပ်တယ်။ မြန်မာ့ရေနံဆိုတာကြီးက မားမားမတ်မတ် ရပ်တယ်။ နိုင်ငံတော်ပိုင် လုပ်တာပဲ။ သူတို့က သူတို့ကိုယ်တိုင် ထိန်းချုပ်တယ်။ တာဝန်ရှိတဲ့လူတွေက။ သူတို့ကိုယ်တိုင် ကြီးကြပ်တယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့လုပ်တယ်။ နယ်မြေဒေသခံပြည်သူတွေကိုလည်း ဝန်ကြီးဌာန အနေနဲ့ ဒါအစိုးရရဲ့ တာဝန်တရပ် အဖြစ် သတ်မှတ်ပြီးလုပ်တယ်။

အဲဒီလိုပဲ သစ်အခြေခံ ဖွံ့ဖြိုးတိုးတက်တဲ့ သစ်တောရေးရာ ဝန်ကြီးလက်အောက်မှာ ရှိတဲ့အစိုးရသစ်စက်ပေါင်း ၅၀- ၆၀ လောက်ကို ပုဂ္ဂလိကကို ပေးလိုက်တာ အနှစ် ၃၀ ရှိပြီ။ ဘယ်သူမှလဲ ဆန္ဒမပြရဲဘူး။ ဘယ်သူမှလဲ complain မလုပ်ဖူး။ ဘာလို့လည်း ဆိုတော့ မြန်မာ့သစ်လုပ်ငန်း ဆိုတဲ့ တာဝန်ခံတဲ့ ဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်။ လိုအပ်တဲ့ ကြီးကြပ်မှုတွေ လုပ်တယ်။ လိုအပ်တဲ့ စည်းကမ်းနဲ့ ထိန်းသိမ်းတယ်။ လုပ်ငန်းရှင်တွေကလည်း စည်းကမ်း အတိုင်း လိုက်နာပြီးတော့ လုပ်တယ်။ ဘယ်ပတ်ဝန်းကျင်ကမှလည်း ဒါကို လာပြီး ဆန္ဒပြခြင်း မရှိဘူး။ နှောင့်နှေးကြန့်ကြာခြင်း မရှိဘူး။

နောက် အဲဒီ ရေနံတို့ သစ်အချောထည် တို့က ကုန်ကျစားရိတ်တောင် နှုတ်ခွင့်ရှိတယ်။ ဒီကနေ့အထိ ရေနံမြေတွေမှာ cost recovery မကြေသေးတဲ့အတွက် နိုင်ငံတော်ကို အခွန်တောင် အခွန်ဆောင်ခွင့် အမြတ်ခွန်ကင်းလွတ်ခွင့် ပေးနေသေးတယ်။

သတ္တုလုပ်ငန်းကျတော့ cost recovery တင်ခွင့်မရှိဘူး။ အခု ဥပဒေအသစ်မှာတော့ တင်ခွင့်ရပြီ။ အရင်ဥပဒေမှာ တင်လို့မရပဲနဲ့ လုပ်ငန်းအရ ရာနှုန်းပြည့် ရင်းနှီးရတယ်။ ထွက်လာတဲ့ သတ္တုကို ပေးရတာ။ ရွှေထွက်ထွက် ဘာထွက်ထွက် ထွက်တဲ့သတ္တုကို ရာခိုင်နှုန်း ၃၀ ဖြင့် ၃၀၊ ၃၅ ဖြင့် ၃၅ ရာခိုင်နှုန်း အပြည့်ပေးရတယ်။ မထွက်ရင်လည်း ဝယ်ပေးရတယ်။ ထွက်ထွက် မထွက်ထွက်၊ ထွက်တာမထွက်တာ ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ အချိုးကို မင်းတို့ မရ- ရရ ပေးဆိုပြီးတဲ့ အလေ့အထ တမျိုး ဖြစ်ခဲ့ကစပြီး လွဲမှားတာ။”

သတ္တုတူးဖေါ်ရေး လုပ်ငန်းမှာ အစိုးရရဲ့ တာဝန်ခံမှု တာဝန်ယူမှု အားနဲလာတာနဲ့အတူ သတ္တုတွင်း လုပ်ငန်းရှင်တွေရဲ့ မသမာမှုတွေကြောင့်လည်း ဆုတ်ယုတ်လာတာလို့ ပြောပါတယ်။

ဦးအေးလွင်။ ။“သတ္တုတွင်း ဝန်ကြီးဌာနက ကျန်ခဲ့တဲ့ အစိုးရရဲ့ နောက်ပိုင်း ၂ နှစ်လောက်မှာ တာဝန်ခံမှု တာဝန်ယူမှု အားနဲလာတယ်။ သတ္တုတူးဖေါ်ရေးသည် အစိုးရကို အနဲဆုံး ၃၅% ၃၄% ပေးရတာ ထွက်တဲ့ သတ္တု။ TSC ဆိုတာ ထွက်တဲ့သတ္တု ပမာဏပေါ်မှာ ခွဲတဲ့ဟာကို အခြေခံရတာ။ ဥပမာအားဖြင့် အခု လတ်တလော၊ အငြင်းပွါးနေတဲ့ ရွှေသတ္တုတွင်း မိုးထိမိုးမိ။ စမ်းသပ်တိုင်းတာတဲ့ result ကတခု၊ စမ်းသပ်တိုင်းတာတဲ့ နည်းစံနစ်က တခု၊ ဒါပေမယ့် လေလံပစ်လိုက်တဲ့ အခါမှာ လေလံအရ ပေးရမယ့် အချိုးကို မပေးချင်တော့၊ ဒီအပေါ်မှာ အမျိုးမျိုးသော စာရင်းဇယားတွေ အမှား တွေနဲ့ တည်ဆောက်ပြီးတော့ အစိုးရကလည်း မထိန်းနိုင်ဘူး။

နောက်တခုက အင်အားကြီး ကုမ္ပဏီဆိုတာက သူက sub contract ကန်ထရိုက်ခွဲတွေ ပြန်ပေးတာ။ အဲဒါတွေ အားလုံးဟာ ထိန်းချုပ်တဲ့ စံနစ် အားနဲလို့ ဥပဒေအရ အားနဲလို့ ဖြစ်တာ။ အဲဒီ အရင်အစိုးရ ကတည်းက ကြန့်ကြာနေတာ။

နောက် ဒီဘက်ကျတော့ ဝန်ကြီးဌာန ၂ ခုကို ပေါင်း လိုက်တဲ့ အခါမှာ ဝန်ကြီးကလည်း သစ်တော ပညာရှင် ဖြစ်တယ်။ နောက် ဒီဘက် ဌာနကလည်း ခုနပြောသလို တာဝန်ခံတဲ့ အတွင်းဝန်က အစ လူကြီးတွေကလည်း ရဲရဲဝင့်ဝင့် တင်ပြမှု အားနဲတယ်။ အဲဒီတော့ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေနဲ့ ကြာပြီးတော့ ပုံမှန် ၁၀ နှစ် ၁၅ နှစ် အနှစ် ၂၀ လုပ်တဲ့ လုပ်ငန်းရှင်တွေလည်း ရပ်တံံံ့ သွားတယ်။ အသစ်လျှောက်တဲ့ လူလည်း လျှောက်မရတဲ့ အခါမှာ သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုက ဒီကာလမှာ ၂ နှစ် - ၃ နှစ် ထဲမှာ တော်တော်လေး ကျဆင်းသွားတယ်။”

အခုလို သဘောသဘာဝ မတူတဲ့ ဌာန ၂ ခုကို ပေါင်းစည်းထားတာကြောင့် လုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာမှု ရှိနေတဲ့ အပြင် သတ္တုသယံဇာတ တူးဖေါ်ရေးနဲ့ ပတ်သက်ပြီး မတိုးတက်စေတဲ့ အကြောင်းရင်းတွေထဲမှာ သယံဇာတတွေ ထုတ်လို့ ကုန်ခန်းသွားမယ့်အရေး စိတ်ပူပြီး မျိုးဆက်တွေအတွက် ချန်ထားဖို့ လိုတယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိနေတာလို့ ထောက်ပြပါတယ်။

ဦးအေးလွင်။ ။“ကျနော်တို့ တိုင်းပြည်ရဲ့ သတ္တုသယံဇာတသည် only service mining ပဲ ရှိပါသေးတယ်။ တခြားတိုင်းပြည်တွေမှာ ကဲ့သလို ဥပမာ Australia တို့ ကနေဒါ တို့လို တကယ့် မြေအောက်ကြီး အနက်ထဲကို တူးတဲ့ဟာ မရှိသေးပါဘူး။ ကျနော်တို့ တိုင်းပြည် သယံဇာတ ကုန်ဖို့ မစိုးရိမ်ပါနဲ့။ ရှာဖွေရင်း တူးဖေါ် တူးဖေါ်ရင်းရှာဖွေပြီးတော့ သတ္တုပမာဏ သိုက် အသစ်တွေ အသစ်တွေကို ဆင့်ကဲဆင့်ကဲ ရှာဖွေနိုင်တဲ့ နည်းပညာတွေ ထွန်းကားအောင် လုပ်ရမှာပါ။

Ore reserve - သတ္တုသိုက် reserve ဆိုတာ အရံပစ္စည်း မဟုတ်ပါဘူး။ သတ္တုသိုက်ပမာဏ ကို ဒီလိုနည်းနဲ့ တိုက်ရိုက် ဘာသာပြန်လို့ မရဘူး။ ဒါဟာ သူ့ရဲ့ ဒေတာ အချက်အလက်ကို ခေါ်တာ။ Ore reserve တွေ ထွက်လာလေ၊ သတ္တုသိုက်တွေ ပိုများလာလေ။ တိုင်းပြည် ချမ်းသာလေပဲ။ အဲဒါကြောင့် မို့လို့ သတ္တုသိုက်တခု တူးဖေါ်ထုတ်လုပ်ခြင်းသည် တခြား academic industry ကဲ့သို့ မတူပဲနဲ့ လူတယောက်ကို ဆရာဝန်က ဆေးကုသကဲ့သို့ ဥပမာနဲ့ နှိုင်းပြီးတော့ နက်နက်နဲနဲ စံနစ်တကျ အတွင်းကို နှိုက်သထက် နှိုက်ပြီး ဖေါ်ထုတ်ခြင်းနဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် လုပ်တဲ့နည်းပညာနဲ့ စံနစ်တွေ ရှိပြီးသားပါ။”

မြန်မာနိုင်ငံရဲ့ သတ္တုတူးဖေါ်ရေးကို ထိန်းချုပ်ကြီးကြပ်ရတဲ့ အဖွဲ့အစည်းတိုင်းမှာ သဘာဝဝန်းကျင် ထိန်းသိမ်းရေးဌာနကို တွဲထားတာဖြစ်ပြီး အခုခေတ်မှာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတာကြောင့် နံမယ်ပျက်ရတယ်လို့ ဆိုပါတယ်။

ဦးအေးလွင်။ ။“ကျနော်တို့ ငယ်ငယ်က လုပ်ခဲ့တဲ့ ဘဓရ ဆိုတဲ့ ဘူမိဗေဒနဲ့ ဓါတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနခွဲ ဆိုတာ ရှိပြီးသားပါ။ ဟိုးအရင်ခေတ် အင်္ဂလိပ်လက်ထက် ကတည်းကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဆိုတာ လုပ်ငန်းစဉ်ထဲမှာ ပါပြီးသားပါ။ mine closure သတ္တုတူးဖေါ်ပြီးရင် မိုင်းကို ဘယ်လို ပိတ်မလဲ။ သစ်ပင်တွေ ဘယ်လို ပြန်စိုက်မလဲ၊ မြေတွေ ဘယ်လို ပြန်ဖို့ပေးမလဲ။ ရေတွေ မထိခိုက်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ဥပဒေတွေ ရှိပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ ထိန်းသိမ်းရင်းနဲ့ နှစ်ပေါင်း ရာချီပြီးတော့ ကမ္ဘာကျော် မိုင်းတွေ၊ ကမ္ဘာကျော် သတ္တုတွင်းတွေ ရှိခဲ့တာ။

ဒီဘက်ခေတ်ကျတော့မှ လုပ်ငန်းရှင်ဘက်ကလည်း ဥပဒေကို ဘေးဖယ်ထား၊ စည်းကမ်းကို ချောင်ထိုးထား၊ နားလည်မှုနဲ့ လုပ်ချင်သလိုလုပ်၊ အဲဒီလို လုပ်ရင်းလုပ်ရင်းနဲ့ တရားမဝင် လုပ်ငန်းတွေ များလာတာသည်၊ တရားဝင်လုပ်တဲ့ လုပ်ငန်းတွေ အပေါ်မှာ လွှမ်းမိုးသွားတဲ့ အခြေနေကိုရောက်ပြီး သတ္တုလုပ်ငန်းက ဒီလို နံမယ် ပျက်သွားတာလို့ ကျနော် ပြောချင်ပါတယ်။”

သတ္တုလုပ်ငန်းဟာ နိုင်ငံဝင်ငွေ အဓိက အားဖြည့်ပေးနိုင်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် တတ်သိနားလည် ပညာရှင်တွေ လက်တွဲဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

ဦးအေးလွင်။ ။“နိုင်ငံတိုင်းမှာ သတ္တု မရှိပါဘူး။ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ တိုင်းပြည် တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဒေါ်လာ သန်းနဲ့ချီ ရနိုင်တဲ့ လုပ်ငန်းတွေကို စံနစ်တကျ လုပ်ဖို့ လိုပါတယ်။ အင်အားကြီး အဖွဲ့အစည်းတွေ၊ အထူး အခွင့်ရေးခံ လုပ်ငန်းရှင်များ - နဂိုတုန်းကတော့ အစိုးရပိုင် လိုလို ဘာလိုလို ပေါ့နော်။ အခုတော့ ပုဂ္ဂလိကတွေနဲ့ တန်းတူရပေမယ့် အရင်တုန်းကတော့ ဒီအထူးအခွင့်ရေးခံ ကုမ္ပဏီကြီးတွေသည် အမြတ်ခွန်တောင် ဆောင်လေ့မရှိပါဘူး။ အခုတော့ အမြတ်ခွန် စဆောင်နေရတယ်ပေါ့။ ဒီလို လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီးမှ တကယ့် အတတ်ပညာရှင်များနဲ့ ပူးပေါင်းပြီး စံနစ်တကျ လုပ်ဖို့ လိုပါတယ်။ တိုင်းပြည်တိုင်းမှာ သတ္တု မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်သည် သယံဇာတ ပေါကြွယ်ဝလှတာ မဟုတ်ပေမယ့် စံနစ်တကျ ရှာဖွေရင် တိုင်းပြည်အတွက် ထိုက်ထိုက်တန်တန် ရတနာတွေ ရပြီးတော့ နောင်မျိုးဆက်တွေ အတွက် ကျနော်တို့ ပညာရော၊ ဥစ္စာဓနရော၊ သယံဇာတရော ဆင့်ကဲဆင့်ကဲ ချန်ထားခဲ့မှ မြန်မာသည် ကမ္ဘာမှာ တည်တံ့ ခိုင်မြဲမှာ ဖြစ်ပါတယ်”

ဦးအေးလွင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက် ပါရစေ။