သတ္တုတူးဖေါ်ရေးကဏ္ဍ ပြဿနာများ (အပိုင်း၂)

ရှမ်းပြည်နယ်က ရွှေသတ္တုတူးဖေါ်ရေး

မြန်မာနိုင်ငံရဲ့ သတ္တုတူးဖေါ်ရေးကဏ္ဍ ဘာကြောင့် မတိုးတက်ပဲ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်က ဘူမိဗေဒ ပညာရှင် ဦးအေးလွင်ရဲ့ အမြင် ဒုတိယပိုင်းကို ဒီတပတ်မှာ တင်ပြပေးပါ့မယ်။

Your browser doesn’t support HTML5

သတ္တုတူးဖေါ်ရေးကဏ္ဍ ပြဿနာများ (အပိုင်း၂)

ဦးအေးလွင်။ ။ “ သတ္တုသယံဇာတသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန် စီးပွါးရေး အလားအလာ ကောင်းတဲ့ အခွင့်အရေးတွေ ရှိရဲ့သားနဲ့ ကျနော်တို့က ဘယ်လို ပြောမလဲ မိုးပြိုမှာ ကြောက်တဲ့ တစ်တီတူးလိုပဲ ဘာမှ မလုပ်ရသေးခင်ကတည်းက စိုးရိမ်စိတ်တွေ များပြီးတော့ စည်းကမ်းတွေ ထုတ်လေ၊ အဲဒီစည်းကမ်း ထုတ်တဲ့ အပေါ်မှာ အဲဒီစည်းကမ်းကို ကိုင်တဲ့တာဝန်ရှိတဲ့ လူတွေက ပိုအခွင့်အရေးတွေရလေ ပိုကြန့်ကြာလေ ဆိုတဲ့ အနေထားကို ဒီကနေ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။”

စည်းမျဉ်းစည်းကမ်းတွေ ထုတ်မယ်ဆိုရင် သတ္တုတူးဖေါ်ဖို့အတွက် မတူးဖေါ်ခင်မှာ ဘာတွေ လုပ်သင့်တယ် ဆိုတာတွေကိုပါ အသေအချာ သိဖို့လိုပါတယ်။

ဦးအေးလွင်။ ။“သတ္တုတူးတယ် ဆိုတာက ဧရိယာ တခုမှာ ဧက တထောင်ပဲဖြစ်ဖြစ် ၅၀၀ ပဲဖြစ်ဖြစ်။ ဘူမိဗေဒဘက်က မြေပုံရေးဆွဲမယ်။ ဖြစ်ပေါ်နိုင်တဲ့ potential ရှိတဲ့ဧရိယာ အလားအလာကောင်းတဲ့ ဧရိယာကို ရှာဖွေမယ်။ ဒီလို အလားအလာ ကောင်းတဲ့ ဧရိယာရှာဖွေပြီးတဲ့အခါမှာ ပိုမိုတိကျတဲ့ detail mapping - အသေးစိတ် မြေပုံတွေဆွဲပြီးတော့ စမ်းသပ် တိုင်းတာမယ်။ အဲဒါ လူနာဆေးကုသလိုပဲ လိုအပ်ရင် မြေအောက်ကို drilling တူးပြီးတော့ ကျောက်ခဲနမူနာတွေ ယူမယ်။ တွက်ပြီးတော့ သတ္တုသိုက် ပမာဏကို အကြမ်းဖျင်း တွက်ရမှာပေါ့။ အဆင့် P1 P2 P3 စသည်ဖြင့် ဘယ်လောက် အလားအလာ ကောင်းတယ် ဆိုတာကို တွက်ပြီးမှ သေချာပြီ ဆိုရင် အဲဒီ သတ္တုသိုက်ရဲ့ data - အချက်အလက် ore deposit data သတ္တုသိုက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို mining engineer သတ္တုတွင်း အင်ဂျင်နီယာကို ပေးတယ်။

သတ္တုတွင်း အင်ဂျင်နီယာက ဒါကို မိုင်းဒီဇိုင်း mine design ဆွဲတယ်။ ငွေဘယ်လောက်ကုန်ကျမယ် cost ဘယ်လောက်ရှိမလဲ တွက်တယ်။ ဘယ်လို ထုတ်ရမလဲ တွက်တယ်။ open pit မြေပေါ်မှာ ထုတ်မလား။ underground မြေအောက်တူးပြီး ထုတ်မလား စသည်ဖြင့်။ ပြီးတော့မှ ဒီသတ္တုကို သန့်စင်မယ့် metallurgy engineer သတ္တုဗေဒ အင်ဂျင်နီယာက အဲဒီ သတ္တု ထွက်လာရင် သန့်စင် စားရိတ် ဘယ်လောက် ရှိမလဲ။ ဘယ်လို စံနစ်မျိုးနဲ့ သန့်စင်မလဲ။ ဘယ်လောက် ရင်းနှီးရမလဲ ဆိုတာကို တွက်တယ်။ ပြီးတော့မှ အဲဒီစားရိတ် cost တွေ အားလုံးကို ခန့်မှန်း cost တွေ အားလုံးကို တွက်ချက်ပြီးမှ investor လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံတဲ့လူကို တင်ပြတဲ့ အခါမှာ ရင်းနှီးမြှုပ်နှံမယ့် သူက နောက် ၅ နှစ် ဒါမှမဟုတ် နောက် ဆယ်နှစ် - ကမ္ဘာမှာ ဒီသတ္တု ဈေးကွက် ဘယ်လောက် ဖြစ်နိုင်မလဲ၊ ဆိုတာကို တွက်ချက်ပြီးမှ ရင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက် သူချမှ၊ သတ္တုတွင်း လုပ်တော့မယ် ဆိုတဲ့ ပဏာမ အစဖြစ်သွားတယ်။

အဲဒီအချိန်ကျမှ Production လုပ်တော့မယ်၊ ထုတ်လုပ်မှုလုပ်ငန်း လုပ်တော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်ကျမှ ခုနပြောတဲ့ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရမယ့် အချက်အလက်တွေ၊ EIA (Environmental Impact Assessment) report အစီရင်ခံစာတွေ၊ EMP (Environmental Management Plan) report အစီရင်ခံစာတွေ ကိုလုပ်ရမယ်။”

သတ္တုတူးဖေါ်မှုကြောင့် ပတ်ဝန်းကျင်ကို ဘယ်လောက်ရိုက်ခတ်မှုရှိမယ် ဝန်းကျင်မပျက်စီးအောင် ဘယ်လိုစီစဉ် ထိန်းသိမ်းမယ် ဆိုတာကိုတင်ပြတဲ့ ဒီ EIA- EMP အစီရင်ခံစာတွေ ထုတ်တဲ့အဆင့်ဟာ သတ္တုမိုင်းတခု ဖြစ်လာစေမယ့် နောက်ဆုံး အဆင့်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီအစီရင်ခံစာတွေကို အရင်တင်ခိုင်း နေတာတွေ့ရတယ်လို့ ပြောပါတယ်။

ဦးအေးလွင်။ ။“ အခုဟာက ပြောင်းပြန်ဖြစ်နေတယ်။ လုပ်ငန်းမစခင် စာရွက်ပေါ်မှာ ရေးတဲ့ ပတ်ဝန်းကျင် ကာကွယ်ရေး EMP တို့ ဘာတို့ ဆိုတာက စောသေးတယ်။ အဲဒီအပေါ်မှာပဲ လုပ်ပိုင်ခွင့် တခု အနေနဲ့ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေ အများကြီး ဖြစ်နေတယ်။ ဘာမှ မဟုတ်ပဲနဲ့ ဘူမိဗေဒ မြေပုံရေးဆွဲတာထက်၊ စမ်းသပ်တိုင်းတာတာထက် ပတ်ဝန်းကျင်တခုလုံး ထိခိုက်မှာကို စိုးရိမ်ပြီးတော့ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေနဲ့ အချိန်ကြန့်ကြာတဲ့ ပတ်ဝန်းကျင်သုတေသန စာတမ်းတွေ စာရွက်ပေါ်မှာ ပြုစုနေတာတွေသည် ဒါဟာ လွဲမှားတဲ့ အချက် တချက်လို့တိတိကျကျ ဒါကို ကျနော်ပြောလိုပါတယ်။

သတ္တုတွင်းတခု ဖြစ်လာဖို့ အချိန်က အဝေးကြီးကျန်သေးတယ်။ လက်ရှိမြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့ ပိုင်နက် မြေဧရိယာ စုစုပေါင်းရဲ့ .၄ % ပဲရှိပါတယ်။ ဒါကို စံနစ်တကျ ပြန်သုံးရင် ရပါတယ်။ စံနစ်တကျ ပြန်ထိန်းရင် ရပါတယ်။ နေရာတိုင်းလည်း မပျက်စီးပါဘူး။ ပျက်စီးမှာ စိုးလို့ ကြိုတင်ကာကွယ်ရင်းနဲ့ တရားဝင် လုပ်သူတွေရဲ့ အခက်အခဲတွေနဲ့ ကြန့်ကြာတဲ့အခါ တရားမဝင် လုပ်တာတွေက ပိုမြန်ဆန်လာ ပြီးတော့ တရားမဝင် လုပ်တာတွေက များလာပါတယ်။ ဒီလို တရားမဝင် လုပ်သူတွေ ပိုများသထက် များလာရင် တရားမဝင် လုပ်ငန်းတွေကြောင့် တကယ်တမ်း တူးတဲ့အခါကျရင် ပျက်စီးလာပြီးတော့ ထိန်းသိမ်းမယ့် လူတွေကလည်း မရှိပါဘူး။”

မြန်မာနိုင်ငံက သွားလာရခက်ခဲတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာရှိတဲ့ သတ္တုသိုက်တွေမှာ တွေ့ရတတ်တာက ဗဟုသုတ သိပ်မရှိသေးတဲ့ ဒေသခံတွေကို အဖွဲ့အစည်းတချို့က လှည့်ဖျားတာမျိုး လို့ ပြောပါတယ်။

ဦးအေးလွင်။ ။“ဗဟုသုတအားနဲတဲ့ ဒေသခံတွေကို နည်းမျိုးစုံနဲ့ တချို့ CSR ပဲပြောပြော အရပ်ဖက်အဖွဲ့အစည်းပဲ ဆိုဆို၊ ဒီလူတွေက တရားဝင်မှန်းမသိ တရားမဝင်မှန်း မသိပဲနဲ့ ဥပမာ ရွာတရွာမှာဆို လူနာတင်ယာဉ် ကားတစီး လှုလိုက်တာနဲ့ အဲဒီအဖွဲ့ဟာ ကျေးဇူးရှင် အဖွဲ့ကြီးဖြစ်ပြီးတော့ တရားမဝင် တူးနေတာပါ။ အဲဒီအဖွဲ့က ရွာသားတွေကို ပိုက်ဆံတွေ ထုတ်ပေးပြီးတော့ တကယ်တမ်း တရားဝင်လာတဲ့ အဖွဲ့တွေကို တရားမဝင်အောင် ကန့်ကွက်ခိုင်းတယ်။ ဆန္ဒပြခိုင်းနေတာ။ ”

“ အဲဒီအခါမှာ တရားမဝင်လုပ်တဲ့ လူတွေက တရားဝင် လုပ်ပြီးတော့ တရားဝင်စံနစ်တကျလုပ်မယ့် ပညာရှင်ပါတဲ့ အဖွဲ့တွေက ဝင်လို့ မရတော့ဘူး။ အဲဒီလို အခြေခံ ဗဟုသုတအားနဲတဲ့ ပြည်သူတွေကိုလည်း တလွဲအထင်လွဲအောင်လို့ တရားတွေဟော၊ မိမိအကျိုးစီးပွါးကို ရှေ့တန်းတင်မယ့် အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံမှာ များသထက် များလာတာကို ပြန်လည် သုံးသပ်သင့်ပါတယ်။ ”

ဒါ့အပြင် သတ္တုတူးဖေါ်ခွင့်အတွက် သက်တမ်းတိုးရာမှာ နှစ်အဆက်ဆက် အခွန်တွေဆောင်ပြီး စံနစ်တကျ လုပ်နေတဲ့ သတ္တုတွင်းတွေအတွက် လွယ်ကူအောင် လုပ်ပေးသင့်ပါတယ်။

ဦးအေးလွင်။ ။“ဒါတွေ အားလုံးဟာ အလွယ်တကူ သက်တမ်းတိုးပေးရမယ်။ သတ္တုတွင်းတခုဟာ အနဲဆုံး အနှစ် အစိတ်- ငါးဆယ်ပေးရမှာ ၅ နှစ်- ၅ နှစ် သက်တမ်းတိုးတယ် ဆိုတာ တခါတခါ တိုးလိုက်ရင်း အောက်ခြေလူတန်းစားတွေ နားလည်အောင် လိုက်ပြောရတယ် ဆိုတဲ့စံနစ်ဟာ မဟုတ်ဖူး။ ဒီကုမ္ပဏီသည် ငွေရေးကြေးရေး တောင့်တင်းသလား၊ သူထုတ်လုပ်တဲ့ ကာလမှာ နည်းစံနစ်တွေ မှန်သလား၊ ထွက်တဲ့ သတ္တုကိုလည်း အစိုးရကို အချိုးကျ ပေးသလား။ အခွန်ငွေ ဆောင်သလား။ ပတ်ဝန်းကျင်ထိခိုက်မှု အားနဲအောင်၊ မထိခိုက်အောင် သူဘယ်လို ကာကွယ် ထားသလဲ။ ဘယ်လို ထိန်းသိမ်းထားသလဲ။ ရပ်အကျိုးရွာအကျိုးတွေ သူဘာတွေ လုပ်သလဲ။ ဆိုတဲ့ တိုင်းတာတဲ ပေတံနဲ့ တိုင်းတာတာတွေက ရှိပြီးသားပဲ။ ဒါကို အလွယ်တကူ ဆက်လက် လုပ်နိုင်အောင် လုပ်ပေးဖို့ လိုတယ်။ ခုတော့ နှစ်ပေါင်းမြောက်များစွာ အဆင့်အတန်းရှိတဲ့ ကမ္ဘာကျော် မိုင်းတွေက ပျက်စီးသွားပြီ။ ဘာကြောင့်လည်း ဆိုတော့ တရားဝင်ထုတ်တဲ့ လူတွေကို ခက်ခဲအောင် လုပ်လိုက်တာကြောင့်ဖြစ်တယ်။”

သတ္တုကဏ္ဍဟာ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် သိပ်အရေးပါတာကြောင့် သီးခြားဝန်ကြီးဌာန တခုထားပြီး ထိန်းချုပ်သင့်တယ်လို့လည်း ပြောပါတယ်။

ဦးအေးလွင်။ ။ “သတ္တုကဏ္ဍသည် မြန်မာနိုင်ငံမှာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က သဘော သဘာဝချင်း အခြေခံချင်း မတူသော ဥပမာ- သစ်တောလုပ်ငန်းနဲ့ သတ္တုလုပ်ငန်းသည် မြေပေါ်မြေအောက်ကတည်းက ကွာပါတယ်။ ဘဝချင်း မတူပါဘူး။ တခေတ်တခါက မလေးရှားမှာလည်း ဝန်ကြီးဌာန တခုထဲကို ပူးပေါင်းဖွဲ့ထားတယ်။ Ministry of Natural Resource and Environmental Conservation သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဆိုပြီး မလေးရှားမှာ ဖွဲ့တယ်။ အခု အစိုးရသစ်က ပြောင်းလိုက်ပါတယ်။ သူက Land Water and Natural Resource Ministry လို့ပဲ လုပ်လိုက်တယ်။ မြေကြီးကလည်း သယံဇာတထဲမှာ ပါတဲ့အတွက် မြေကိစ္စတွေ အားလုံး Land Department ရော Water Department ရော Mineral တွေ အားလုံးပါ အကုန်လုံး ပေါင်းတဲ့ ဝန်ကြီးဌာန တခု။”

“ အဲဒီတော့ နဂိုက ပေါင်းထားတဲ့ Environmental Conservation ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဘယ်ရောက်သွားသလဲ ဆိုတော့ Climate Change နဲ့ Environmental ဝန်ကြီးဌာန ဆိုပြီး ပြောင်းထား လိုက်တယ်။ ဒါလေးတွေကိုလည်း ကြည့်ပြီး ဥပမာယူဖို့ လိုပါတယ်။ ကျနော်တို့က သတ္တု အသင်းအနေနဲ့ တွေ့ရှိချက်ကလေးတွေကို အကြမ်းဖျင်း တင်ပြတာ ဖြစ်ပါတယ်။ သတ္တုကဏ္ဍ တိုးတက်ခြင်း မတိုးတက်ခြင်း ဆိုတာ သတ္တု ထုတ်လုပ်တဲ့ လူမှာ တာဝန်ရှိသလို နည်းဥပဒေတွေ ဖေါ်ထုတ်တဲ့ လူတွေ၊ မူဝါဒတွေ ရေးဆွဲတဲ့ လူတွေ၊ နောက် စီမံခန့်ခွဲတဲ့ ဌာနမှာလည်း တာဝန်ရှိတယ်။ ပညာရှင်မှာလည်း တာဝန်ရှိတယ်။ အဲဒါတွေ အားလုံးက ပေါင်းစည်းတာဝန်ရှိတယ်။”

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်က ဘူမိဗေဒ ပညာရှင် ဦးအေးလွင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။