ဗင်နီဇွဲလားမယ် မယ်စကြဝဠာသရဖူဆောင်း

၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)

ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြဝဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြဝဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

၆၂ ကြိမ်မြောက် မယ်စကြဝဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြဝဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ၂၀၁၂ ခုနှစ် မယ်စကြဝဠာသရဖူပိုင်ရှင် အမေရိကန်ပြည်ထောင်စုက Olivia Culpo မယ်စကြဝဠာ သရဖူကို ဆောင်းပေးခဲ့တာပါ။ ဒီမယ်စကြဝဠာ သရဖူဟာဆိုရင် ဗင်နီဇွဲလား နိုင်ငံအတွက် ၇ ကြိမ်မြောက် မယ်စကြဝဠာ ဆုလည်း ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ ဖိလစ်ပိုင်မယ်ကတော့ စတုတ္ထဆု ရခဲ့ပါတယ်။ ပဉ္စမဆုကတော့ ဘရာဇီးမယ်တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ် ၈၆ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ မနေ့က နိုဝင်ဘာ ၉ ရက်နေ့ကတော့ ဒီပြိုင်ပွဲဝင် ၈၆ ဦးထဲက လက်ရွေးစင် ၁၆ ဦး ပထမဆုံး ရွေးချယ်လိုက်ပြီး ဒီကနေမှ အဆင့်ဆင့် ဆန်ခါတင် ၁၀ ဦး၊ နောက် ဆန်ခါတင် ၅ ဦးထိ ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် ၅ ဦး ရွေးချယ်ပြီးမှာတော့ တဦးချင်း ဒိုင်လူကြီးတွေရဲ့ မေးခွန်းတွေကို ဖြေကြားကြရပါတယ်။

ဗင်နီဇွဲလားမယ် မာရီယာ ဂဘရီလာ အစ်စ်လာကို ဒိုင်လူကြီးက ‘မင်း အကြောက်ဆုံး ကိစ္စက ဘာလဲ၊ ဒီဟာကိုရော ဘယ်လို ကျော်လွှားမလဲ’- လို့ မေးခဲ့တာပါ။ ဗင်နီဇွဲလားမယ် မာရီယာ ဂဘရီလာ အစ်စ်လာ က ‘ကျမတို့မှာ ရှိနေတဲ့ အကြောက်တရား အားလုံးကို ကျော်လွှားသင့်ပါတယ်။ ဒီလို လုပ်ရင်တော့ ကျမတို့ဟာ ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ အကြောက်တရားကို ကျော်လွှားလိုက်နိုင်ပြီ ဆိုတာနဲ့ ကျမတို့ဟာ အရာရာကို ရင်ဆိုင်နိုင်သူတွေ ဖြစ်လာပါမယ်’- လို့ ဖြေခဲ့တာပါ။

မယ်စကြဝဠာပြိုင်ပွဲဝင် အလှမယ်များ။



မယ်စကြဝဠာ ကျင်းပရေးအဖွဲ့ကြီးကို ပူးတွဲပိုင်ဆိုင်သူ ဘီလီယံနာ သူဌေးကြီး Donald Trump ကတော့ မယ်စကြဝဠာ တဦးအဖြစ်ကို ပိုင်ဆိုင်ရဖို့ အပြင်ပန်းလှရုံနဲ့တော့ဖြင့် မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“ကျနော့် အယူအဆအရ ခမ်းနားတဲ့ဖွင့်ဆိုချက်ကတော့ အပြင်ပန်းအလှလည်း ရှိကိုရှိရမယ့်နည်းတူ နှလုံးသားလည်း လှရမယ်ပေါ့ဗျာ။ နှလုံးသားအလှ မရှိဘူးဆိုရင် ကျနော်တို့မှာဗျာ- အံ့ဖွယ်အလှကို ပိုင်ဆိုင်ကြတဲ့ အမျိုးသမီး တချို့ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာက အသဲနှလုံး မရှိဘူးဗျာ။ အသဲနှလုံး မရှိဘဲနဲ့တော့ သိပ်ကြီးကျယ် ခမ်းနားတဲ့ အလှမျိုး မရှိနိုင်ပါဘူးဗျာ။”

မယ်စကြဝဠာ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ကြီးကို တွဲဖက်ပိုင်ဆိုင်သူ ဘီလီယံနာ သူဌေးကြီး ဒေါ်နယ်ထရမ့်က မယ်စကြဝဠာ တဦး ဖြစ်ဖို့ လိုအပ်ချက်တွေကို မယ်စကြဝဠာပြိုင်ပွဲ မစမီမှာ ပြောဆိုခဲ့တာပါ။
ဒီနှစ် ၂၀၁၃ ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကလည်း ၁၀ စုနှစ် ၅ ခုကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး မယ်စကြဝဠာ (မြန်မာ) မိုးစက်ဝိုင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ မြန်မာမယ်ရဲ့ အခြေအနေ ဘယ်လိုရှိပါလဲ ဆိုတာကိုတော့ မော်စကိုမြို့တော် မယ်စကြဝဠာပြိုင်ပွဲကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဦးရော်နီညိမ်းက အခုလို ဆိုပါတယ်။

“လက်တင်အမေရိက နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဗဲန်နီဇွဲလား၊ နဂိုရ်ကတည်းကလည်း သတင်းပြေးနေတယ်လေ။ သူပဲ ရသွားပါတယ်။ ဒီ နောက်ဆုံး ၁၆ ယောက်မှာလည်း ကျနော်တို့ မိုးစက်ဝိုင်ကတော့ ပါမလာခဲ့ဘူးပေါ့နော်။ ကျနော်တို့ အင်တာနက်ပေါ်မှာ voting က ပါမယ်လို့ ထင်ရပေမဲ့ တကယ်တန်းကတော့ ဖိလစ်ပိုင်က ပါသွားတယ်။ ဒါကြောင့်မို့လို့ People Choice လူထုရဲ့အကြိုက် မဲပေးတယ်ဆိုတဲ့ ရွေးချယ်တဲ့နည်းနဲ့ ရွေးချယ်တဲ့တစ်ယောက်မှာလည်း ဖိလစ်ပိုင်ကပဲ ဖြစ်သွားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက မိုးစက်ဝိုင်ကတော့ ဒီနှစ်မှာ မရဘူးပေါ့နော်။”

မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ မယ်စကြဝဠာ (မြန်မာ) မိုးစက်ဝိုင်ကို အင်တာနက်ကနေ မဲပေးရွေးချယ်တဲ့ People Choice Award အများပြည်သူ အကြိုက်ဆုံး ဆု မှန်းခဲ့ပေမယ့် ဖိလစ်ပိုင်မယ် Ariella Arida က ရရှိသွားပါတယ်ရှင်။