ပျောက်ဆုံးလေယာဉ် ဆက်ပျံခဲ့တယ်ဆိုတာ မဟုတ်

ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို လိုက်လံရှာဖွေနေကြစဉ်။ (မတ်လ ၁၃၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှု ပြုလုပ်ပြီးတဲ့နောက်ပိုင်း နာရီအတော်ကြာအထိ ဆက်လက် ပျံသန်းနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်း မလေးရှားအရာရှိတွေက ငြင်းဆိုလိုက်ပြီး တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ရိုက်ယူထားတဲ့ ပုံတွေထဲမှာ လေယာဉ်ပျက်တဲ့ အပိုင်းအစတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

လေယာဉ်ဟာ နောက်ဆုံး ဆက်သွယ်မှုရရှိခဲ့ပြီးတဲ့နောက်ပိုင်း ၄ နာရီကျော်ကျော်လောက် အချိန်အတွင်း မိုင်ပေါင်း နှစ်ထောင့်ငါးရာနီးပါး ပျံသန်းခဲ့တယ်လို့ ပြောဆိုနေတာနဲ့ ပတ်သက်လို့ လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီနဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ Rolls Royce ကုမ္ပဏီတို့ကို မလေးရှားလေကြောင်းလိုင်းက မေးမြန်းထားကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး Hishamuddin Hussein က ကြာသပတေးနေ့မှာ ပြောပါတယ်။

လေယာဉ် အင်ဂျင်ကနေ မြေပြင် ဆက်သွယ်ရေးဌာနကို သူ့အလိုလို ပေးပို့တဲ့ အချက်ပေးစံနစ်အရ သိရှိခဲ့တယ်လို့ အမေရိကန်အရာရှိပြောတာကို ကိုးကားပြီး Wall Street Journal မှာ ကြာသပတေးနေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို လေယာဉ်ပျံသန်းလာတဲ့ မူလလမ်းကြောင်းနဲ့ သိပ်မကွာတဲ့နေရာမှာ ကြီးမားတဲ့ အရာဝတ္ထု ပျက်ကျသွားတာကို တရုတ် ဆက်သွယ်ရေးဂြိုလ်တုက ဓါတ်ပုံ ရိုက်ယူထားလိုက်နိုင်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာမှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ကြေငြာလိုက်တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ အဲဒီနေရာကို မလေးရှားနဲ့ ဗီယက်နမ် ရှာဖွေရေးအဖွဲ့တွေ ကြာသပတေးနေ့က သွားရောက် စစ်ဆေးခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။