ပျောက်ဆုံးနေတဲ့ ဗီယက်နမ်ရေနံတင်သင်္ဘော အိမ်နီးချင်းနိုင်ငံတွေ ကူရှာဖွေ

ပျောက်ဆုံးနေတဲ့ ဗီယက်နမ်ရေနံတင်သင်္ဘော Sunrise-689 ကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ ဗီယက်နမ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က စင်္ကာပူကနေ ဗီယက်နမ်ကို ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်း ပျောက်ဆုံးနေတာပါ။

ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခေါ်ဆောင်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မကင်းမှုတွေ ပိုပြီးများလာနေပါတယ်။ စင်္ကာပူဆိပ်ကမ်းကနေ ထွက်ခွာလာပြီး နာရီပိုင်းအတွင်း သင်္ဘောဟာ ကုန်းပေါ်က ဆက်သွယ်ရေးဌာနနဲ့ ရေဒီယိုဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်လို့ ဗီယက်နမ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အကြီးအကဲက ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် ကုမ္ပဏီနဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက နိုင်ငံခြားအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အပူတပြင်း ရှာဖွေနေပေမဲ့ အခုချိန်ထိတော့ သင်္ဘောသတင်း အစအန ဘာတခုမှ မရသေးဘူးလို့ Hai Phong ငါးဖမ်းလုပ်ငန်းနဲ့ သင်္ဘောဆောက်လုပ်တဲ့ ကုမ္ပဏီရဲ့ သင်္ဘောလုံခြုံရေးဆိုင်ရာ အကြီးအကဲ Nguyen Vu Diep က ဗွီအိုအေကို ပြောပါတယ်။

ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး ပျောက်နေတဲ့သင်္ဘောကို အမြန်ဆုံးရှာဖွေပေးဖို့ ဗီယက်နမ်အစိုးရကို တိုက်တွန်းထားတယ်လို့ သူကပြောပါတယ်။ သင်္ဘောရှာဖွေရေးမှာ အကူအညီတွေပေးဖို့ စင်္ကာပူ၊ မလေးရှား၊ ဘရုနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဗီယက်နမ်အစိုးရက တရားဝင် အကြောင်းကြားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုသင်္ဘောပျောက်ဆုံးပုံဟာ မတော်တဆ ဖြစ်တာမျိုးမဟုတ်ဘဲ ပြန်ပေးဆွဲခံရတဲ့ အခြေအနေမျိုးဖြစ်နေပြီး ပင်လယ်ဓားပြတွေဘက်က ငွေပမာဏ အများအပြား တောင်းလာမယ်ဆိုရင် ကုမ္ပဏီက အခက်အခဲတွေ အများကြီးရှိလိမ့်မယ်လို့ သင်္ဘောလုံခြုံရေးဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

နိုင်ငံတကာ ပင်လယ်ရေကြောင်း သွားလာရေးဌာနရဲ့ သင်္ဘောများ ပြန်ပေးဆွဲခံရမှု တိုင်ကြားရေးဌာန အဆိုအရ ဒီနှစ် ဧပြီလကစလို့ အရှေ့တောင်အာရှဒေသတွင်း ကမ်းရိုးတန်းသွား ရေနံတင်သင်္ဘောတွေကို ပြန်ပေးဆွဲတဲ့အမှုပေါင်း အနည်းဆုံး ၆ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။