အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း မစ်ဇူရီ (Missouri) ပြည်နယ်ထဲက ဂျို့ပ်လင် (Joplin) မြို့မှာ အင်အားပြင်း လေဆင်နှာမောင်းကြီး ဝင်တိုက်သွားခဲ့လို့ သေဆုံးသူ ၁၁၆ ယောက်ထက်မနည်း ရှိသွားပြီလို့ သက်ဆိုင်ရာက ပြောပါတယ်။
လေဆင်နှာမောင်း တိုက်သွားတဲ့ နေရာတော်တော်များများမှာ အပျက်အစီးပုံတွေပဲ ကျန်ခဲ့ပါတယ်။ ဒီလေဆင်နှာမောင်းဟာ နှစ်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံမှာ အသေအပျောက် အများဆုံး မုန်တိုင်းကြီး ဖြစ်တယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဂျို့ပ်လင်မြို့ကို လေဆင်နှာမောင်းကြီး ဝင်တိုက်သွားရာ လမ်းတလျှောက်မှာရှိတဲ့ မော်တော်ကားတွေကို ချေမွ ဖျက်ဆီးခဲ့သလို လူနေအိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း ဖျက်ဆီးပစ်ရုံမက သစ်ပင်တွေ အမြစ်က ကျွတ်ထွက်စေတဲ့အထိ အင်အားပြင်းခဲ့ပါတယ်။
လေဆင်နှာမောင်း မဝင်ခင် ၂၄ နာရီ အလိုမှာ ဒေသခံတွေ ဘေးလွတ်ရာ ပြေးနိုင်ဖို့ အရေးပေါ် အချက်ပေးသံတွေနဲ့ သက်ဆိုင်ရာက အချက်ပေးခဲ့ပါတယ်။ ဒီလေဆင်နှာမောင်းကြောင့် မြို့က ဆေးရုံလည်း ပျက်စီးသွားခဲ့သလို ကယ်ဆယ်ရေးအတွက် အသုံးပြုနေတဲ့ ရဟတ်ယာဉ်လည်း ဆေးရုံဘေးက ကားရပ်တဲ့ဝင်းထဲကို ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။
ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဂျို့ပ်လင်မြို့မှာ အသက်ရှင် ကျန်နေသူတွေကို တနင်္လာနေ့မှာ လိုက်လံရှာဖွေကြပေမဲ့ မိုးသက်မုန်တိုင်း ထပ်ကျပြီး မိုးတွေ အဆက်မပြတ် ရွာချနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒီ လေဆင်နှာမောင်းဒဏ်ကြောင့် လူဦးရေ ၅၀,၀၀၀ လောက်ရှိတဲ့ ဂျို့ပ်လင်မြို့ရဲ့ ၂၅% လောက် ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းကြပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးကို ခေါ်ပြီး သေဆုံးသွားသူတွေအတွက် ဝမ်းနည်း ကြေကွဲကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဗဟိုအစိုးရက အကူအညီ အထောက်အပံ့တွေ ပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။