မီဇိုးရမ်းမှာ မြန်မာတွေ ဆက်ဖမ်း

မီဇိုးရမ်းမှာ မြန်မာတွေ ဆက်ဖမ်း

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းပြည်နယ်မှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို ပြည်နယ်အစိုးရက ဒီကနေ့ စနေနေ့အထိ ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ်နေတုန်း ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေအကြား မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေ၊ လက်နက်ရောင်းဝယ်သူတွေ စတဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်သူတွေ များလာနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဇိုးရမ်း ပြည်နယ် အစိုးရ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်မှာ ရောက်နေကြတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေထဲက ၁၃ ယောက်ကို သင်္ကြန်အတွင်း ဧပြီလ ၁၅ ရက်နေ့မှာ တရားဝင် နေထိုင်ခွင့်ပါမစ် မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်နယ် အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

အခုဆက်ပြီး မနေ့ကနဲ့ ဒီကနေ့တွေမှာ အာဏာပိုင်တွေက မြန်မာအလုပ်သမားတွေ နေထိုင်တဲ့နေရာတွေနဲ့ သူတို့သွားလေ့ရှိတဲ့ ဈေးတွေမှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်တဲ့အကြောင်း မီဇိုးရမ်းပြည်နယ်မြို့တော် အိုက်ဇော အခြေစိုက် မြန်မာ့လူမှုရေးအသင်းက တာဝန်ရှိသူ ကိုထွေးက ပြောပြပါတယ်။

“အခုနောက်ဆုံး ဖမ်းသွားတာက ဇောင်းဇီ ရပ်ကွက်မှာ ရက်ကန်းရက်တဲ့သူတွေပေါ့၊ ချင်းအမျိုးသား ၄ ဦး၊ အဲဒီရပ်ကွက်မှာတော့ မြန်မာတွေ အများစုနေကြတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ အကုန်လုံး ထွက်ပြေး သွားကြတယ်။ လွတ်သွားတယ်ပေါ့နော်။ တောင်အောက်ထဲကို ဆင်းပြေးကြတော့ ရဲကတော့ မလိုက်ဘူး။ ဒါပေမဲ့ ညနေပိုင်းတော့ လာဦးမယ်လို့ ပြောတယ်။ အခုနောက်ဆုံး ဖမ်းတာကတော့ ၄ ယောက်။ ပြီးတော့ မြို့ထဲမှာ အခု ကားနဲ့ထွက်ပြီးတော့ ဖမ်းနေတယ်။ ဒီနေ့က စနေနေ့ဆိုတော့ အလုပ်သမားတွေ တပတ်စာ ဈေးဝယ်ကြတဲ့နေ့ဆိုတော့ ကုလားရော၊ ဗမာရော ဖမ်းသွားတာ အချုပ်ကားတစီး ပြည့်လုနီးပါးပဲလို့ လူတွေက ပြောတယ်။”

အခုလို ဖမ်းဆီးတဲ့အကြောင်းရင်းကို ပြည်နယ်အစိုးရက တရားဝင် ထုတ်ပြန်ခြင်းမရှိပေမဲ့လည်း မြန်မာနိုင်ငံ သား အလုပ်သမားတွေထံမှာ တရားဝင် နေထိုင်ခွင့်ပါမစ် မရှိတာအပါအဝင် တခြား ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ကိုထွေးက ဆက်ပြောပါတယ်။

“ဖမ်းတဲ့အကြောင်းရင်းကို သူတို့က တရားဝင်တော့ မပြောဘူး။ ဒါပေမဲ့ ခန့်မှန်းကြည့်ရတဲ့ အခြေအနေက ဒီအစိုးရတက်ပြီးမှ ဒီအထဲမှာ အဲဒီလိုမျိုး အုပ်စုလိုက် အုပ်စုလိုက် ဖမ်းတာ ၄ ကြိမ်မြောက်ရှိပြီ။ ဖမ်းရတဲ့ အကြောင်းရင်းကို သူတို့ဘက်ကနေပြီးတော့ အစိုးရဘက်က ပြောထားတာရှိတာက မြန်မာနိုင်ငံသားတွေ ဒီမှာလာပြီးတော့ နေတာဟာ သူတို့ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အနှောက်အယှက်ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေက လက်နက်ရောင်းဝယ်တာ၊ မူးယစ်ဆေးဝါး ရောင်းတာရှိတယ်။ ရာဇဝတ်မှု ကျူးလွန် တာတွေလည်း အများအပြား ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကို ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီး ပြန်ပို့ရမယ်ဆိုတဲ့ ပေါ်လစီချပြီးတော့ လုပ်နေတာလို့ ထင်ရတယ်။ အခု သူတို့လုပ်နေတာက။ တကယ် မူးယစ်ဆေးဝါး လုပ်နေတဲ့သူတွေ၊ မှောင်ခိုလုပ်နေတဲ့ သူတွေက အမှောင်ထဲမှာ နေတာလေ။ သူတို့က မသိ ဘူးလေ။ တကယ် ကျွမ်းကျင်တယ်၊ ငွေရှိတယ်လေ။ အခု အဖမ်းခံရတဲ့သူတွေက လက်လုပ်လက်စားတွေ၊ တကယ့်ကိုပဲ သမာအာဇီဝနဲ့ လုပ်နေတဲ့သူတွေ။ မနေ့ကဖမ်းတဲ့ကိစ္စဆိုရင် ဈေးထဲမှာဖမ်းတာ၊ ဟော်တယ် ၂ ခုပေါ့နော်။ ဟော်တယ် စားသောက်ဆိုင်မှာနေတဲ့ သူတွေ။ အဲဒီလူတွေက များသောအားဖြင့် လွှဆွဲဖို့ လာတဲ့ သူတွေ။ အလုပ်တောင်မှ မလုပ်ရသေးဘူး။ သူတို့က မြန်မာပြည်ကလာတယ်။ အဲဒီတည်းခိုခန်းမှာ တည်းပြီး တော့ သူတို့လွှဆွဲရမယ့်နေရာက ဘယ်မှာ အလုပ်ရှိလဲ ဆိုပြီးတော့ စုံစမ်းနေတုန်း ရှိသေးတယ်။ အဲဒီမှာ အဖမ်းခံလိုက်ရတာ ဆိုတော့ ဒီလို လူမျိုးတွေကတော့ တကယ့်ကို ရိုးရိုးသားသား လုပ်ကိုင်စားတဲ့သူတွေ အဖမ်းခံရတာပဲလေ။ မူးယစ်ဆေးဝါးသမားတွေ နှိမ်နှင်းတယ် ဆိုတာကတော့ ဒါ မဟုတ်ဘူး။”

မီဇိုးရမ်းပြည်နယ်ရဲ့ အဓိကထွက်ကုန်လို့ သတ်မှတ်ထားတဲ့ ရက်ကန်းလုပ်ငန်းအတွက် မီဇိုး လုပ်ငန်းရှင်တွေ အနေနဲ့ ဒီ မြန်မာအလုပ်သမားတွေကိုဘဲ မှီခို အားထားနေကြရတာပါ။ မြန်မာ ရက်ကန်းသမားတွေသာ မရှိတော့ရင် ပြည်နယ် စီးပွားရေးကို ထိခိုက်မှာဖြစ်ပေမဲ့လည်း တဘက်မှာ ပြည်နယ်အစိုးရအပေါ် အိန္ဒိယ ဗဟိုအစိုးရက ဖိအားပေးတာတွေကြောင့် အခုလို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ကိုထွေးက သုံးသပ်ပါတယ်။

“ဒီ မြန်မာနိုင်ငံသားတွေ ရက်ကန်းသမား အပါအဝင်ပေါ့နော်၊ ကျန်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုပ်အားတွေက ဒီမှာတော့ အသုံးချလို့ရနေတာကတော့ အမှန်ပဲ။ သူတို့အကျိုးစီးပွား ဖြစ်နေတာလည်း အမှန်ပဲ။ ဒါက သူတို့ရဲ့ အကျိုးစီးပွားကိစ္စ၊ ဒါပေမဲ့ တရားဥပဒေ ရှုထောင့်ကကြည့်မယ်ဆိုရင် တရားမဝင် ဒီမှာလာတယ်။ ပြီးတော့ နေထိုင်တဲ့လက်မှတ်၊ နေထိုင်ခွင့် တစုံတရာ မရှိတဲ့သူတွေကို ဖမ်းရမယ်ဆိုတဲ့ ဥပဒေကလည်း ရှိတယ်။ ဆိုတော့ အိန္ဒိယပြည်ထဲကလာတဲ့ ကုလားလူမျိုးတွေကျတော့ ပါမစ် အမြဲတမ်း စစ်တယ်။ အမြဲတမ်း ဖမ်းပြီး ပြန်ပို့နေတဲ့အခါမှာ မြန်မာနိုင်ငံကနေ နိုင်ငံခြားကနေပြီးတော့ လာတဲ့သူတွေကို မဖမ်းဘူးဆိုတဲ့ဟာကျတော့ ဥပဒေရှုထောင့်မှာ သူတို့အတွက် ရှက်စရာကြီး ဖြစ်တယ်။ နောက်ပြီးတော့ ဒီမှာ အိန္ဒိယ အစိုးရလူကြီးတွေ ဝန်ထမ်းတွေ ရှိတယ်။ သူတို့တွေရဲ့ ဖိအားလည်း ပါမယ်။ အဲဒီတော့ ပြောချင်တာက အကျိုးရှိတာက သူတို့ အကျိုးစီးပွား သက်သက်၊ တရားဥပဒေဘက်က ကြည့်မယ်ဆိုရင် ဒါ ဖမ်းကို ဖမ်းရမယ် ဆိုတာကလည်း သူတို့ရဲ့ ပြဿနာ တခုဆိုတော့ သူတို့ ဖမ်းနေရတာပဲ။”

အခု ဖမ်းဆီးထားတဲ့သူတွေကို ဥပဒေလမ်းကြောင်းအရ လိုအပ်တဲ့အတိုင်း တရားရုံးမှာ စီရင်ချက်ချပြီး မြန်မာ နိုင်ငံထဲကို ပြန်ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းက ဖမ်းဆီးမိခဲ့သူတွေကို မီဇိုးရမ်းပြည်နယ် အစိုးရ အနေနဲ့ တဘက် မြန်မာအာဏာပိုင်တွေ လက်ထဲကို လွဲပြောင်းပေးဖို့ စီစဉ်ခဲ့ပေမဲ့ မြန်မာ အာဏာပိုင်တွေ ဘက်က လက်မခံတဲ့အတွက် အဲဒီ အစီအစဉ် ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ အခုဖမ်းခံထားရသူတွေကိစ္စကို မီဇိုးရမ်းပြည်နယ် အခြေစိုက် မြန်မာ့ လူမှုကူညီရေး အသင်းက လိုက်လံ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အခုရက်ထဲ ဖမ်းဆီးခဲ့တာတွေအပါအဝင် ဒီနှစ်ဆန်းပိုင်းမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဖမ်းဆီးခဲ့ရတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၂၀၀ လောက်ရှိသွားပြီလို့ သိရပါတယ်။