စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ကူမင်းမှာ ဆွေးနွေးဖို့ ရောက်နေ

MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်

တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA ကိုယ်စားလှယ်တွေ နက်ဖြန် ဒီဇင်ဘာ ၁၅ ရက်နေ့ တွေ့ဆုံပွဲအတွက် စစ်တပ် ကိုယ်စားလှယ်တွေ ကူမင်းကို ရောက်နေကြပြီလို့ အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ သူ ပြောပြတဲ့စာရင်းအရ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပါတယ်။ ကိုးကန့်ဘက်ကတော့ ဖုန်တာရွှင်ရဲ့ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်း၊ နိုင်ငံခြားရေးဌာနကြီးမှူး ကျီးရှင်း၊ ပြန်ကြားရေးဌာန ဒုဌာနမှူး လီကျာဝင်း အပါအဝင် ၇ ဦးလောက် တက်ရောက်မယ်လို့ သိထားပါတယ်။

စစ်ရေးနဲ့ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ လားရှိုးမြို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ ကိုးကန့် MNDAA အဖွဲ့အပေါ် တရုတ်ရဲ့ ဖိအားတွေ ရှိနေချိန်မှာ အခုလို တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ MNDAA ကိုယ်စားလှယ်တွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေးအကျိုးစီးပွား အများအပြား ရှိနေတဲ့ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အဆက်မပြတ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်ဘက်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လားရှိုးကို သိမ်းထားတဲ့ ကိုးကန့်တပ်တွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ အခု ဒီဇင်ဘာ ၃ ရက်မှာတော့ ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားတယ်လို့ MNDAA က ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တရုတ်ဘက်က ညှိနှိုင်းခဲ့ပုံရပါတယ်။

စစ်တပ်ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင် KIO အဖွဲ့တို့လည်း ကူမင်းမြို့မှာ ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ ဒီဆွေးနွေးပွဲအကြောင်း သိထားသူတယောက်က VOA ကို ပြောပါတယ်။ နိုင်ငံရေးစစ်‌ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုဆွေးနွေးပွဲက ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ခက်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ စစ်ပွဲတွေ ရပ်သွားချင်တဲ့ ဆန္ဒအမှန် ၂ ဘက်လုံးမှာ ရှိဖို့လိုသလို၊ ငြိမ်းချမ်းရေးအတွက် ဖိအားပေး ဆွေးနွေးမှုတွေက အရင်မအောင်မြင်ခဲ့တာကို သူက ထောက်ပြပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ ၂၀၂၃ခုနှစ် ဩဂုတ်လကမှ အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသူပါ။ အရင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်ဦးစီးအရာရှိနဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေကိုလည်း ယူခဲ့ဖူးသူ ဖြစ်ပါတယ်။