လှေစီးပြေး ဒေသတွင်း အစည်းအဝေး ကျင်းပ

ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး MOAS အခမ်းအနား။-သတင်းဓာတ်ပုံ ဇင်လတ်အောင် ။

ပင်လယ်ထဲက လှေစီးပြေးဒုက္ခသည်တွေရဲ့ အသက်ကို ကယ်ဆယ်ပေးနေ တာဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ အဲဒါဟာ လူသားချင်းစာနာတဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တစ်ခုပါပဲလို့ ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS ရဲ့ ညွှန်ကြားရေးမှူးက ဗွီအိုအေ ကို ပြောပါတယ်။

“ပြဿနာရဲ့အဖြေကို ဒုက္ခသည်တွေ မူရင်းနေထိုင်ရာနိုင်ငံမှာသာ ရှာဖွေ ဖြေရှင်းရမှာပါ။ အိမ်တအိမ်က လုံခြုံတယ်၊ စားဝတ်နေရေး ဖူလုံတယ်၊ ပညာရှာခွင့်ရှိတယ်၊ ရွေးချယ် ဖို့ အခွင့်အလမ်းတွေ သာမယ် ဆိုရင် အဲဒီအိမ်ကနေ ဘယ်သူမှ ထွက်သွားချင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အဓိက မျှော်လင့်ချက် ကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ နေထိုင်မှုဘဝတွေ အမြန်ဆုံး တိုးတက်ကောင်းမွန် လာစေချင်တာပါဘဲ။” လို့ MOAS ရဲ့ ညွှန်ကြားရေးမှူး Martin Xuereb က ဗွီအိုအေကိုပြောတာပါ။

ပင်လယ်ထဲက ဒုက္ခသည်တွေရဲ့ ရွေ့လျား သွားလာမှုနဲ့ အခြေအနေတွေ ကို စောင့်ကြည့်မယ့် အရှေ့တောင်အာရှ ဒေသမှာ ပထမဆုံးလုပ်တဲ့ အစီအစဉ်ကို ဒီကနေ့ စတင်တဲ့ အခမ်းအနားမှာ Martin Xuereb က အဲဒီလိုပြော တာပါ။ လှေစီးပြေး ဒုက္ခသည်တွေကို မတ်လဆန်းကစပြီး ရှာဖွေ ကယ်ဆယ် ကူညီပေးမှာဖြစ်ပြီး မောင်းသူမဲ့လေယာဉ်ပါ ပါပြီး အရှည် မီတာ ၄၀ ရှိတဲ့ M. Y. Phoenix သင်္ဘောနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်သွားကြမှာဖြစ်ပါတယ်။