ဦးဥတ္တရတို့ အာမခံနဲ့ လွတ်

ဦးဥတ္တရကို ခေါ်ဆောင်သွားစဉ်။ (ဇွန်လ ၁၀၊ ၂၀၁၄)

ဇွန်လ ၁၀ ရက်နေ့က တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ သံဃာတော်တွေကို ဒီကနေ့ တာမွေတရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ အမှုကိုတော့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီလ ၂၇ ရက်နေ့ မနက်ခင်းမှာ ရုံးချိန်းပေးထားတယ်လို့ သိရပါတယ်။

မဟာသန္တိသုခကျောင်းကို အာဏာပိုင်တွေနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့က ညအချိန်မတော် ဝင်ရောက်စီးနင်း ချိတ်ပိတ်ပြီးတဲ့နောက် အဲဒီမှာ သီတင်းသုံးနေတဲ့ သံဃာတချို့ကိုလည်း အတင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လူဝတ်လဲ ခဲ့တာပါ။ ဒါဟာ တရားဓမ္မ လက်လွတ် လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပြီး ပီနန်ဆရာတော် ဦးစီးတဲ့ သာသနာ့ဥသျှောင်အဖွဲ့က ဝေဖန် ပြစ်တင် ထားပါတယ်။

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ သာသနာ့ဦးသျှောင်အဖွဲ့ရဲ့ ဦးဆောင်သူတွေကို အငြိုးထားပြီး လုပ်တဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း သာသနာ့ဥသျှောင် ပြောခွင့်ရ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

ကျောင်းတိုက်ချိတ်ပိတ်မှုနဲ့အတူ သံဃာ ၅ ပါးကို ဒီကနေ့ မနက်ပိုင်းမှာပဲ တာမွေ တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာ ဖြစ်ပြီး အာမခံနဲ့ ခုလို ပြန်လွှတ်ပေး လိုက်တာ ဖြစ်ပါတယ်။ အတင်း လူဝတ်လဲခံခဲ့ရတဲ့ သံဃာတော်တွေကတော့ သံဃာ့ဝိနည်းနဲ့ အညီ သာသနာ့ဘောင်ကို ပြန်ဝင်မယ်လို့ မိန့်ကြပါတယ်။