စစ်ကောင်စီလုပ်ရပ်နဲ့ထုတ်ပြန်မှု မစိုးရိမ်ကျောင်းတိုက်ကန့်ကွက်

ZAWGYI/UNICODE မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှာ ပရိတ်ရွတ်နေတဲ့သံဃာတော်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖြိုခွင်းပြီး ဆဲဆိုခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့သတင်းတွေ မဟုတ်မမှန်ဘူးလို့ စစ်ကောင်စီက ဇွန်လ (၄)ရက်နေ့၊ MRTV ရဲ့ ထုတ်လွှင့်တင်ပြချက်ကို မစိုးရိမ်တိုက်သစ်ဆရာတော်တွေက ကန့်ကွက်လိုက်ကြပါတယ်။ ဇွန်လ ၁ ရက်နေ့ညက မစိုးရိမ်တိုက်သစ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းပြီး ဆဲဆိုခြိမ်းချောက်ခဲ့တဲ့ ဖြစ်ရပ်တွေကို မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ဒီကနေ့ထုတ်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

"စစ်ကောင်စီရဲ့ထုတ်ပြန်တဲ့သတင်းနဲ့ ဦးဇင်းတို့ ဒီမှာဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် တိုက်ရဲ့ဂုဏ်သိက္ခာ သံဃာများရဲ့ဂုဏ်သိက္ခာအတွက် ဦးဇင်းတို့က ပြန်ပြီး သတင်းမှန်ကို ထုတ်ပြန်တာ။ ဦးဇင်းတို့ ဒီမှာရှိတဲ့သံဃာအားလုံးရော နာယကဆရာတော်တွေအားလုံးရော နောက်ဆုံး မဟာနယကဆရာတော်ကြီးတွေ ကျောင်းဘေးမှတောင် လာဖြစ်တာလေ။ နယကဆရာတော်ကြီးကတောင်တိုင်းမှူးကို ဒီကိစ္စအတွက် ပြဿနာပိုကြီးထွားသွားနိုင်တဲ့အတွက် ချက်ခြင်းပြန်ရုပ်သိမ်းပါလို့ ပြောလိုက်တယ် ချက်ခြင်းပြန်ရုပ်သိမ်းပေါ့။ ဓာတ်ပုံတွေဆိုတာလည်း သူတို့ဆီမှာ ရှိပြီးသားဆိုတော့ အဲ့ဒီ့ဘယ်အချိန်တုန်းက ဓာတ်ပုံကို ပြန်ပြီးတော့အသဲုံးပြုထားသလဲ။ သူတို့လာလျှောက်တဲ့ဆရာတော်က မြို့နယ် သံဃာ့နယကဥက္ကဋ္ဌကိုး။ မြို့နယ် သံဃာ့နယကဥက္ကဋ္ဌ ဆိုတော့ ဘာကိစ္စပဲရှိနေနေ ဝင်ထွက်သွားလာနေကြတာ ဒီသဘောတော့ရှိတယ်။ သူတို့ထုတ်ပြန်လိုက်တဲ့အထဲမှာ ဆရာတော်က ဘယ်လိုပြန်မိန့်လိုက်သလဲဆိုတာ မပါဘူး။ သူတို့က လိုသလို ဆွဲယူသွားတဲ့သဘောပေါ့။"

ကား ၄ စီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက သံဃာတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ပရိတ်ရွတ်နေကြတဲ့ သံဃာတော်တွေကိုရော တိုက်တွင်းမှာရှိကြတဲ့ အခြားရဟန်းတော်တွေကိုပါ ဆဲဆိုကြိမ်မောင်းပြီး ပစ်ခတ်ခဲ့တယ်လို့ မစိုးရိမ်ကျောင်းတိုက်က ဇွန်လ ၇ ရက်၊ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာ ပြေးလွှားပုန်းအောင်းခဲ့ရတဲ့ သံဃာတပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။ပရိယတ္တိစာသင်တိုက်ထဲကို လက်နက်နဲ့ ဝင်ရောက်ခြိမ်းချောက်ပစ်ခတ်တာဟာ မစိုးရိမ်ကျောင်းတိုက်ရဲ့ဂုဏ်ကို ထိခိုက်စေပြီး ဗုဒ္ဓဘာသာနဲ့ သာသနာတော်ကိုမလေးစား တန်ဖိုးမထားရာရောက်တဲ့ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း မစိုးရိမ်တိုက်သစ်နာယကအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNICODE


