အမေရိကန်နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ အအေးလှိုင်းနဲ့ နှင်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သလို နေအိမ်ပေါင်း သိန်းနဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်တာအပြင် စီးပွားရေးလုပ်ငန်းတွေလည်း ခရစ္စမတ်ကာလမှာ လျှပ်စစ်မီး လုံးဝမရနိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
နယူးယောက်ပြည်နယ်၊ Buffalo မြို့မှာတော့ ဟာရီကိန်းမုန်တိုင်းတမျှ အင်အားပြင်းတဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ဒေသတခုံးလုံး နှင်းတွေနဲ့ဖုံးလွှမ်းခဲ့ပါတယ်။ ရာသီဥတုအခြေအနေ ဆိုးရွားလွန်းနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို မြို့ရဲ့ နိုင်ငံတကာလေဆိပ်လည်း ပိတ်ထားရပါတယ်။
နိုင်ငံတဝှမ်း အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတာဟာ ပြင်းထန်လွန်းတဲ့ အအေးဒဏ်ကို ခံကြရတာ၊ မော်တော်ယာဉ်တိုက်ခိုက်မှု၊ သစ်ကိုင်းတွေ ကျိုးကျမှုစတဲ့ဒဏ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ Buffalo မြို့မှာတင် သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ ဒီအအေးလှိုင်းနဲ့ မုန်တိုင်းဒဏ်ကြောင့် နိုင်ငံအရှေ့ဖျားကနေ အနောက်ဖျားအထိ လျှပ်မီးပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
နှင်းမုန်တိုင်းကြောင့် နိုင်ငံတဝန်း ခရစ္စမတ်ကာလမှာ ကုန်းကြောင်း၊ လေကြောင်းက ခရီးသွားကြမယ့်သူအားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်ခဲ့ရတာကြောင့် ခရီးသွား အများအပြားလည်း လေဆိပ်တွေမှာ ပိတ်မိနေကြသလို ကုန်းကြောင်းနဲ့ ခရီးသွားသူတွေလည်း အဝေးပြေးလမ်းမတွေပေါ်မှာ ယာဉ်တိုက်မှုဖြစ်နဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
===== Unicode =====