ကမ္ဘာတလွှား IDP ၁၀ သန်းကျော်ရှိ

အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူများ။ (internally displaced persons (IDP) camp)

၂၀၁၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် ကမ္ဘာတလွှား အိုးအိမ်ရွှေ့ပြောင်း နေထိုင် ရသူက သန်းပေါင်း ဆယ်သန်းကျော်နေပြီလို့ IDMC ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း အခြေချနေထိုင်သူများ စောင့်ကြည့်ရေးဗဟိုဌာနက ပြောပါတယ်။ ဒီအထဲမှာ ဆီးရီးယား၊ ယီမင်နဲ့ တူရကီနိုင်ငံတွေမှာ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

ဇန်နဝါရီလကနေ သြဂုတ်လအတွင်း ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေကြောင့် ဆီးရီးယားနိုင်ငံမှာ အိုးအိမ်ရွှေ့ပြောင်းနေထိုင် ရသူပေါင်း ၉ သိန်းရှိနေသလို ယီမင်မှာ ၄၇၈ ၀၀၀ နဲ့ တူရကီမှာ ၃၅၅ ၀၀၀ ရှိနေတယ်လို့ IDMC က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ရုတ်တရက် ကြုံတွေ့ရတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ရွှေ့ပြောင်းခဲ့ရသူက နောက်ထပ် သန်းနဲ့ ချီပြီးရှိနေတယ် လို့လည်း ပြောပါတယ်။ ဒီအထဲမှာ ရေကြီးတဲ့ ဒဏ်ကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၂ သန်းနဲ့ အင်ဒိုနီးရှားမှာ လူပေါင်း ၉၆၄ ၀၀၀ လောက် ရွှေ့ပြောင်း ခဲ့ရတာ ဖြစ်ပါတယ်။

IDMC အဖွဲ့ဟာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ရွှေ့ပြောင်း အခြေချသူတွေ ကို စောင့်ကြည့်လေ့လာခဲ့ပြီး ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းရသူ IDP အားလုံးရဲ့ သုံးပုံ ၂ ပုံဟာ အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဒုက္ခသည်တွေကို ကြည့်ရင် သူတို့ဟာ ပထမတော့ IDP တွေဖြစ်ပေမယ့် သူတို့နိုင်ငံထဲမှာပဲ ပြောင်းရွှေ့ရာကနေ တဖြေးဖြေး ပိုလုံခြုံတဲ့ စိတ်ချရတဲ့ အထောက်အပံ့ပိုရတဲ့ နေရာတွေကို တဖြေးဖြေး ပြောင်းရင်း ဒုက္ခသည်တွေ အဖြစ်ကို ရောက်ကုန်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

တနင်္လာနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများ ဆိုင်ရာ ထိပ်သီး အစည်းဝေးကျင်းပ ဖို့ ပြင်နေချိန်မှာပဲ အခုအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတလွှား IDP ၁၀ သန်းကျော်ရှိ