၂၀၁၂ ခုနှစ်မှာ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အရ ပထမဆုံး ရွေးကောက်ခံရပြီးနောက် စစ်တပ်က ဖြုတ်ချခံခဲ့ရသူ သမ္မတဟောင်း Mohamed Morsi ဟာ တရားရုံးမှာ ကြားနာ နေစဉ်အတွင်း လဲကျ သေဆုံးသွားခဲ့ပါတယ်။ သူ့အပေါ် စွဲချက်တင်ထားတဲ့ သူလျှိုမှုနဲ့ ပတ်သက်ပြီး တရား ရင်ဆိုင်ဖို့ ၅ မိနစ်ကြာ လျှောက်လဲချက် ပေးပြီးနောက် အစစ်ဆေးခံ မှန်ခန်းအတွင်း လဲကျသေဆုံးသွားခဲ့တာ ဖြစ်ကြောင်း၊ ဆေးရုံကို အရေးပေါ် ခေါ်ဆောင်သွားပေမယ့် ဆေးရုံအရောက် အသက်ကုန် ဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Muslim Brotherhood မူဆလင် ညီနောင်များ အဖွဲ့လို့ခေါ်တဲ့ အစ္စလာမ်မစ် အုပ်စုအတွင်း ထိပ်တန်းပုဂ္ဂိုလ်တစ် ယောက်ဖြစ်သူ သမ္မတဟောင်း Morsi ဟာ ၂၀၁၃ ခုနှစ်မှာ အီဂျစ် စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကိုခံခဲ့ရသလို သူ့ရဲ့ မူဆလင် ညီနောင်များ ပါတီဟာလည်း တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၆၇ ခုနှစ် ရှိ Morsi ဟာ ၂၀၁၃ ခုနှစ်က စလို့ အကျဉ်းကျခံခဲ့ရပြီး အီရန်နဲ့ ကာတာနိုင်ငံတွေ အတွက် သူလျှိူလုပ်မှုနဲ့ ၂၀၁၂ ခုနှစ်မှာ သူ့ကို ဆန့်ကျင် ဆန္ဒပြသူတွေကို သတ်ဖြတ်မှုစတဲ့ စွဲချက်ပေါင်း များစွာကို ရင်ဆိုင်နေခဲ့ရပါတယ်။ တနင်္လာနေ့က လုပ်တဲ့ ကြားနာမှုမှာတော့ ပါလက်စတိုင်း အုပ်စု Hamas နဲ့ သံသယရှိဖွယ် ဆက်သွယ်မှုဆိုင်ရာ သူလျှို လုပ်မှုစွဲချက်အတွက် လျှောက်လဲချက် ပေးခဲ့ရတာပါ။
Morsi ကို ရည်ရွယ်ချက် ရှိရှိ အသက် တစ်မျှဉ်းမျှဉ်းနဲ့ သေဆုံးအောင်လုပ်တဲ့အတွက် အီဂျစ်အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ မူဆလင် ညီနောင်များအဖွဲ့ရဲ့ Freedom and Justice လွတ်လပ်မှုနဲ့ တရားမျှတရေး ပါတီက ပြောပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ Human Rights Watch ကတော့ Morsi အပေါ် စွဲချက်တွေဟာ နိုင်ငံရေး ပယောဂ ပါတယ်လို့ ပြောပြီး Morsi ရဲ့ မဟာမိတ် အရင့်အမာ တစ်ဦးဖြစ်တဲ့ တူရကီသမ္မတ Tayyip Erdogan ကတော့ Morsi ကို အာဇာနည်လို့ ခေါ်ဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5