မော်စကိုမြို့တော်နဲ့ Tver ဒေသတွေက ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် ရုရှားနိုင်ငံက နေရာအများအပြားကို ဒီကနေ့ အစောပိုင်းမှာပဲ ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
လေကြောင်းရန် ကာကွယ်ရေးက ဒရုန်း ၁၅၈ စင်းကို ကြားဖြတ် ပစ်ချခဲ့ကြောင်းလည်း နိုင်ငံပိုင် Tass သတင်းဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားဖော်ပြခဲ့တာပါ။ ယူကရိန်းနဲ့ နယ်စပ်ဖြစ်တဲ့ Kursk, Bryansk, Voronezh နဲ့ Belgorod ဒေသတွေမှာ အများဆုံးအဖြစ် ဒရုန်း ၁၂၂ စင်းကို ပစ်ချခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားက ထုတ်ပြန်တဲ့သတင်းနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့တော့ မရသလို၊ ယူကရိန်းကလည်း တစုံတရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။ ယူကရိန်းရဲ့ စွမ်းအင်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ရုရှားက ဒရုန်းနဲ့ မစ်ဇိုင်းဒုံး ၂၀၀ ကျော်သုံးပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာပဲ ရုရှားကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့သတင်း ထွက်ပေါ်လာတာပါ။
ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းက ထိုးစစ်ဆင်ခဲ့တာ ၁ လနီးပါး အကြာမှာ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။