အများစိတ်ဝင်စားမှုရနေတဲ့ Las Vegas က လက်ဝှေ့ပွဲ

ဒီကနေ့ညနေပိုင်း Las Vegas မြို့မှာကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့လောကမှာ အကောင်းဆုံးလက်ဝှေ့သမားအဖြစ်မှတ်တမ်းတင်ခံရမယ့်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် Mayweather နဲ့ Pacquiao တို့ရဲ့ ပိုစတာကို တွေ့ရစဉ်။ ( ဧပြီ ၂၇၊ ၂၀၁၅)

ပွဲကြီးပွဲကောင်း လက်ဝှေ့ပွဲတခုဖြစ်မယ်လို့ လူပြောများနေကြတဲ့ Floyd Mayweather နဲ့ Manny Pacquiao တို့ရဲ့ Welterweight တန်း Boxing ချန်ပီယံလုပွဲကို ဒီကနေ့ စနေနေ့ညပိုင်း Las Vegas မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ကြေးစားလက်ဝှေ့ပွဲပေါင်း ၄၇ ပွဲမှာ ရှုံးပွဲမရှိခဲ့တဲ့ Floyd Mayweather (ဝဲ)

အသက် ၃၈ နှစ်အရွယ် Mayweather ဟာ ကြေးစားပွဲပေါင်း ၄၇ ပွဲမှာ တပွဲမှ ရှုံးပွဲမရှိခဲ့သလို ဖိလစ်ပိုင်လူမျိုး အသက် ၃၆ နှစ် အရွယ် Pacquiao ဟာလည်း ကြေးစားပွဲပေါင်း ၆၄ ပွဲမှာ ၅၇ ပွဲအနိုင်ရထားဖူးသူ ဖြစ်ပါတယ်။ Mayweather ဟာ မတူညီတဲ့ ဝိတ်တန်း ၅ မျိုးအတွက် ကမ္ဘာ့ချန်ပီယံဆုတွေ အနိုင်ရရှိထားပါတယ်။ Pacquiao ဟာလည်း မတူညီတဲ့ ဝိတ်တန်း ၆ မျိုး အတွက်ကို ကမ္ဘာ့ချန်ပီယံဆုတွေ ရရှိထားပြီး ဒီကနေ့ပွဲမှာ အနိုင်ရသူဟာ လက်ဝှေ့လောကမှာ အကောင်းဆုံး လက်ဝှေ့သမားအဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။

အားကစား စိတ်ဝင်စားသူတွေ ကြားမှာရော စိတ်မဝင်စားသူတွေကြားမှာပါ ဆွေးနွေးစရာ ဖြစ်လောက်အောင် စိတ်ဝင်စားမှုရနေတဲ့ ဒီလက်ဝှေ့ပွဲကနေ စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၄၀၀ လောက် ဝင်ငွေရမယ်လို့ ခန့်မှန်းထားကြပြီး ဒါဟာ လက်ဝှေ့ပွဲတခုအတွက် စီးပွားရေးအရ အကျိုးအမြတ် အများဆုံးဖြစ်ပါတယ်။

Las Vegas MGM ဟိုတယ်မှာ ကျင်းပမဲ့ပွဲအတွက် လက်မှတ်တွေ စရောင်းပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကုန်သွားခဲ့ပါတယ်။ Floyd Mayweather နဲ့ Manny Pacquiao အနေနဲ့လည်း ဒီပွဲကို ထိုးသတ်ကြတဲ့အတွက် သူတို့နှစ်ယောက်ပေါင်း ဒေါ်လာသန်း ၃၀၀ ဝင်ငွေရကြမှာဖြစ်ပါတယ်။

အမေရိကန်မှာ အကောင်းဆုံးလက်ဝှေ့သမားအဖြစ် မှတ်တမ်းတင်ခံရမယ့် ပွဲမှာယှဉ်ပြိုင်မယ့် ဖိလစ်ပိုင်လူမျိုး Pacquiao ရဲ့ ပုံတူ ကိတ်မုန့်ကြီးနဲ့ မနီလာမြို့က မုန့်ဖုတ်သမားတွေ။

Pacquiao ကို အားပေးတဲ့ အနေနဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်က ကိတ်မုန့်ဆိုင်တခုက သူနဲ့ အရွယ်အစားဆင်တူ ပုံတူ ကိတ်မုန့်ကြီးတခုကို ဖုတ်ထားပါတယ်။ ဖိလစ်ပိုင်မှာ နိုင်ငံ့ဂုဏ်ဆောင်အဖြစ် သဘောထားကြတဲ့ Pacquiao ရဲ့ လက်ဝှေ့ပွဲကို လူအများအခမဲ့ ကြည့်နိုင်ကြအောင် အားကစားရုံတွေ၊ ပန်းခြံတွေမှာ ပိတ်ကားကြီးတွေနဲ့ ပြသဖို့ စီစဉ်ထားကြပါတယ်။